ဘုတ်ပြင်းမြို့နယ် လငန်းကျွန်းတစ်ဝိုက်၌ ကျောက်ငါးများ ရေပေါ်မျော၍ သေဆုံးလျက်ရှိ

Listing Description

ရန်ကုန် နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် လငန်းဆလုံကျွန်းအနီးတစ်ဝိုက်နှင့် လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ် အနီးတစ်ဝိုက်ရှိ ရေပြင်များပေါ်တွင် ကျောက်ငါးလုံးမျိုးစုံ ရေပေါ်မျောပါလျက်ရှိကာ ငါးအချို့မှာ သေဆုံးလျက်ရှိ ကြောင်း သိရသည်။ အဆိုပါငါးများကို ဒေသခံများက ဖမ်းယူရောင်းချရာတွင် ငါးအချို့မှာ ရောဂါတစ်စုံတစ်ခုဖြစ်ပွားထားသည့်လက္ခဏာ တွေ့ရသောကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်မှုများလည်းရှိနေကြောင်း သိရသည်။

ထိုသို့ ငါးများ ရေပေါ်မျောနေသည့်ဖြစ်စဉ်မှာ အောက်တိုဘာလအတွင်းကပင် စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင် စတင်သတိပြုမိခဲ့ကြောင်း၊  ရေတွင်မျောနေသော ကျောက်ငါးလုံးများမှာ တစ်ကောင်လျှင် တစ်ကီလိုခွဲမှ နှစ်ကီလို အရွယ်အစားရှိ ငါးများ အများဆုံးပါဝင်ပြီး အရွယ်မျိုးစုံဖြစ်ကြောင်း၊ ငါးအများစုမှာ အသက်ရှင်လျက် ရေပေါ်တွင် နေရာအနှံ့ မျောပါလျက်ရှိသလို ငါးအချို့မှာ သေဆုံးလျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသခံ ငါးဖမ်းသူများအနေဖြင့် လွယ်ကူစွာ ဖမ်းယူနိုင်ကြပြီး ရရှိသော ကျောက်ငါးများကို မြို့ပေါ်ဈေးကွက်သို့ ရောင်းချလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့မှ ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးပြည်စိုးထွန်းက "လငန်းနဲ့ ညောင်ဝိက  တောင်နဲ့  မြောက်  ရှိတယ်။  မကြုံဂလက်လို့ခေါ်တဲ့  လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်ကလည်း  ဗိုလ်ချိုကျွန်းနဲ့  မျက်နှာချင်းဆိုင်ရှိတယ် ဆိုတော့ ကျောက်ငါးတွေမျောနေတယ်ဆိုတာက ကျွန်တော့်အထင် ရေပြင်မှာ ငါးဗုံးခွဲတာ၊ ရေထဲအဆိပ်ချတာတွေကြောင့်  ဖြစ်နိုင်ပါတယ်။ ငါးတွေမှာ အနာ တွေ့ရတယ်ဆိုရင်တော့ ဗုံးခွဲတဲ့ဒဏ်ကြောင့် ဖြစ်နိုင်တယ်။ ပြီးတော့ တန်နဲ့ချီပြီး တစ်နေရာတည်းမဟုတ်ဘဲ  သေဆုံးနေတယ်ဆိုတော့  ငါးတွေရဲ့ ကျန်းမာရေး ကြောင့်လည်း ဖြစ်နိုင်တယ်"ဟု ပြောသည်။

ယခု  ရေပေါ်တွင်  မျောပါနေသော ကျောက်ငါးလုံးအချို့တွင် အနာများ ဖြစ်ပေါ်လျက်ရှိပြီး ညှစ်လိုက်ပါက ပြည်ကဲ့သို့ အရည်များ ထွက်ပေါ်လာကြောင်း နှင့် ထိုငါးများကို ဒေသခံ ငါးဖမ်းသူများက ကော့သောင်း၊ မြိတ်နှင့် ထားဝယ် ဈေးကွက်များတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

ရေအောက် သန္တာကျောက်တန်းများကြားတွင် ကျက်စားသော ကျောက်ငါး များ ယခုလို ရေပေါ်တွင် မျောပါသေဆုံးနေကြခြင်းမှာ ငါးဗုံးခွဲခြင်း၊ အဆိပ်ချ ဖမ်းခြင်း စသည့် လူတို့၏ ပယောဂကြောင့် ဖြစ်နိုင်သလို ထိုကျွန်းများ အနီး တစ်ဝိုက်တွင် ပင်လယ်ရေ အက်ဆစ်ဓာတ်ပါဝင်မှု များလာခြင်းနှင့် ရေအောက်၌ အောက်ဆီဂျင် နည်းပါးလာမှုတို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းသုံးသပ်လျက်ရှိသည်။

သန်းထိုက်၊

ဓာတ်ပုံ - ကိုချိုလွန်း