အိမ်ရာကျောင်းငါးမျက်နှာဘုရား

Listing Description

အိမ်ရာကျောင်းငါးမျက်နှာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ထီးလိုမင်းလိုဘုရား၏ အနောက်ဘက်၊ ဥပါလိသိမ်အနီးတောင်ဘက်တွင်တည်ရှိပါသည်။ ပုဂံဒေသတွင် ဘုရားစေတီပုထိုးပေါင်း နှစ်ထောင်ကျော်ရှိသည့်အနက် မုခ် ၅ မုခ်ရှိ ငါးမျက်နှာဘုရား ၁၆ ဆူရှိရာတွင် အိမ်ရာကျောင်းငါးမျက်နှာဘုရားသည် တစ်ဆူအပါအဝင်ဖြစ်ပြီး ထင်ရှားသောစေတီတစ်ဆူဖြစ်ပါသည်။ အိမ်ရာကျောင်းငါးမျက်နှာဘုရားသည် စေတီပေါက်ဂူဘုရားတစ်ဆူဖြစ်ပြီး လိုဏ်အတွင်းရှိ ငါးမြှောင့်မဏ္ဍိုင်သည် ၂ ဒသမ ၆၇ မီတာပတ်လည်ရှိကာ ပတ်လမ်းအကျယ်သည် ၁.၈၅ မီတာကျယ်ဝန်းလျက် ဂူအတွင်းပိုင်း အနောက်ဘက်တွင် အပေါ်သို့တက်ရန် ကြောင်လိမ်လှေကားနှစ်စင်း တပ်ဆင်ထားပါသည်။ မူလက အရှေ့ဘက်မုခ်ဝဲယာနံရံတွင် ကပ်ထားသော ကျောက်စာနှစ်ချပ်ရှိခဲ့ပြီး ထိုကျောက်စာနှစ်ချပ်ကို ပုဂံရှေးဟောင်းသုတေသနပြတိုက် ကျောက်စာရုံသို့ ပြောင်းရွှေ့ထားရှိပါသည်။ အဆိုပါကျောက်စာအရ နရပတိစည်သူမင်းကြီးတွင် သားတော်ငါးယောက်ရှိသည့်အနက် ကင်္ကသူမင်းသားသည် သက္ကရာဇ် ၆၀၄ ခု၊ နတ်တော်လဆုတ် ၁၄ ရက်၊ ကြာသပတေးနေ့တွင် ကွယ်လွန်ခဲ့ရာ ဇနီးဖြစ်သူ ညောင်ရမ်းကြီးသမီး မင်းမယားသည် သံဝေဂရပြီး ကွယ်လွန်သော မိမိခင်ပွန်းနှင့် မိခင်၊ ဖခင်တို့အား ရည်မှန်း၍ မိမိ၏ အိမ်ရာတွင် ဂူဘုရား တည်ဆောက်ပြီး ကျွန်လှူခြင်းစသော ကုသိုလ်ကောင်းမှုများ ပြုခဲ့ကြောင်း သိရပါသည်။ မိမိအိမ်နေရာတွင် ဂူဘုရားပြုလုပ် လှူဒါန်းခဲ့သဖြင့် အိမ်ရာကျောင်းဘုရားဟူ၍ ယနေ့တိုင် ခေါ်တွင်လျက်ရှိပါသည်။