ဥပါလိသိမ်

Listing Description

ဥပါလိသိမ်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးကားလမ်း၏ မြောက်ဘက်ဘေးကပ်လျက်တွင်တည်ရှိပါသည်။ ညောင်ဦးမှ ပုဂံသို့လာလျှင် ထီးလိုမင်းလိုဘုရားအလွန် ညာဘက်တွင် တည်ရှိပါသည်။ ဥပါလိသိမ်၏ အနောက်ဘက်မုခ် မြောက်ဘက်နံရံရှိ နံရံမင်စာအရ အနော်ရထာမင်းကြီးနှင့် ဥပါလိမထေရ်တို့ သိမ်သမုတ်ခဲ့ကြောင်း သိရပါသည်။ ယခုလက်ရှိသိမ်အဆောက်အအုံသည် ပုဂံခေတ်မူလရှိခဲ့သော ဥပါလိသိမ်အုတ်ခုံဟောင်းပေါ်တွင် ကုန်းဘောင်ခေတ်၌ အသစ်ထပ်မံဆောက်လုပ်ထားခြင်းဖြစ်ပါသည်။ ယင်းအဆောက်အအုံ၏ နံရံပန်းချီများမှာ ကုန်းဘောင်ခေတ်လက်ရာများဖြစ်ပြီး လိုဏ်အတွင်း အနောက်ဘက်ပိုင်းတွင် အုတ်နံရံတစ်ခု၏ အရှေ့ဘက်နှင့် အနောက်ဘက်၌ ဗုဒ္ဓရုပ်ပွားဆင်းတုတော်နှစ်ဆူ ရှိပါသည်။ ဥပါလိသိမ်သည် မုခ်လေးဖက်ပါရှိကာ လေးထောင့်ရှည်လျားလျား ပုံသဏ္ဌာန်ရှိပြီး အမိုးတွင် စိန်တန်းနှစ်ဆင့် သွယ်တန်းနေလျက် ထိုအလယ်တွင် စေတီငယ်တစ်ဆူဖြင့် တန်ဆာဆင်ထားပါသည်။ သိမ်၏အတွင်းခန်းမနံရံ၌ ကုန်းဘောင်ခေတ် နံရံဆေးရေး ပန်းချီများ ဖြစ်သည့် နှစ်ကျိတ် ရှစ်ဆူ ဘုရားများ၊ ဗုဒ္ဓ တောထွက်ခန်း၊ ဆံတော်ပယ်ခန်း စသည့် ဗုဒ္ဓဝင် ဇာတ်ကွက်များ၊ ကနုတ်ပန်း နှင့် ခြူးပန်း ခြူးနွယ်များ၊ နံရံအောက်ဘက်တန်းများတွင် မြတ်စွာဘုရား ဝါဆိုစဉ်များ၊ ဝါဆိုရာဌာနများကို ရေးဆွဲသရုပ်ဖော်ထားရှိပါသည်။ မူလက အရှေ့ဘက်မုခ်အထက်တွင် ပါဒစက်စုံခြေတော်ရာတစ်စုံပုံရှိပြီး ၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ကွာကျပျက်စီးခဲ့ပြီး မျက်နှာကြက်ရှိ ရောင်စုံပန်းချီအချို့မှာလည်း ကွာကျပျက်စီးခဲ့ပါသည်။ ယနေ့ အချိန်တွင် ပုဂံခေတ်ကသိမ်များထဲမှ ဥပါလိသိမ်သာ ကျန်ရစ်ပြီး ကျန်သိမ်များအားလုံး ပျောက်ကွယ် သွားကြပြီဖြစ်ပါသည်။