ရွှေမိုင်းယောင်းသားတို့၏ ရင်ထဲက မဟာ (သို့မဟုတ်) ထပ်လုံ

Listing Description

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်တောင်း ကျေးရွာအနီး မဟိယင်္ဂဏတောင်ကုန်းပေါ်ရှိ ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်သည် မိုင်းယောင်းမြို့၏ အမြင့်မြတ်ဆုံးနှင့် ရှေးအကျဆုံး သမိုင်းဝင်စေတီတစ်ဆူဖြစ်ပြီး ဂေါတမမြတ်စွာ ဘုရား၏ ဆံတော် ရှစ်ဆူနှင့် ဓာတ်တော်လေးဆူ တို့ဖြင့် ဌာပနာထားသည့် စေတီတော်မြတ်ကြီးဖြစ်သည်။

ထပ်လုံစေတီတော်ကိုအေဒီ ၁၁ ရာစုကရဟန္တာလေးပါးနှင့် မိုင်းယောင်းနယ်ကို မင်းပြုသော ဖရာဆုလင်္ဂ ဝတ္တိမင်းက ဦးဆောင်လျက် နယ်သူနယ်သားများနှင့်အတူ တန်ဆောင်မုန်းလပြည့်နေ့မှ ကဆုန်လပြည့်နေ့ အထိ တည်ထားကိုးကွယ်ခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၉၈၂ (ခရစ်နှစ် ၁၆၂၀)ခုနှစ်တွင် နယ်စားမင်း စဝ်ဖစက္ကမဏီကစေတီတော်ကို ပိုမိုခိုင်ခံ့အောင် ပြုပြင်မွမ်းမံခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၁၁၃၀(ခရစ်နှစ် ၁၇၆၈)ခုနှစ်တွင် စဝ်ဖကောင်ခမ်းဖူးက စေတီတော်အုတ်တံတိုင်း ကာရံခြင်း၊ နဂါးရုပ် လေးကောင်နှင့် စေတီတော် မြောက်ဘက်မုခ်ဦး အတက်လှေကားတို့ကိုတည်ဆောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာသက္ကရာဇ် ၁၁၄၇(ခရစ်နှစ် ၁၇၈၅) ခုနှစ်တွင် စဝ်မွမ်ဇေယျဝံသာက စေတီတော်ကို လေးတောင်ထပ်မြှင့်၍ ပြုပြင်တည်ဆောက်ခဲ့သည်။ မြန်မာသက္ကရာဇ် ( ၁၂၆၀ (ခရစ်နှစ် ၁၈၉၈) ခုနှစ်တွင် စဝ်မွမ်ခမ်းအဲန်က စေတီတော် အတက်လမ်းကို လေးထောင့်ကျောက်ပြားများ ဖြင့် ခင်းကျင်းပေးခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၈၄(ခရစ်နှစ် ၁၉၂၂)ခုနှစ်တွင် မိုင်းယောင်းစော်ဘွား ကျောက်မွမ် ပျန်းမုန်းက လွယ်ကူအဆင်ပြေစွာ ဖူးမြော်ကြည်ညိုနိုင်ရန် လမ်းသစ်ဖောက်လုပ်ပေးခဲ့သည်။

ထို့နောက် မြန်မာသက္ကရာဇ် ၁၃၃၅(ခရစ်နှစ် ၁၉၇၃) ခုနှစ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဝမ်ပုံကျောင်းတိုက်ဆရာတော် ဦးဂန္ဓရသက ဦးဆောင်၍ စေတီတော် ပလ္လင်တော်နှင့် ဘုရားရင်ပြင်တော်တို့ကို တိုးချဲ့ပြုပြင် မွမ်းမံခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၅၁(ခရစ်နှစ် ၁၉၈၉) ခုနှစ်တွင် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် ဓမ္မသီရိအရှင်မြတ်က ထီးတော်အသစ်တင်လှူ ခြင်း၊ ထီးတော်မှ ခေါင်းလောင်းတော်အဆင့်နှင့် အောက်ခြေ ပစ္စယံအဆင့်အထိ ရွှေပြားသင်္ကန်းနှင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စေတီတော်သည် ခြေတော်အချင်း ၁၂ ပေနှင့် ဉာဏ်တော် အမြင့် ၅၄ ပေ ရှိကြောင်း သိရသည်။

မြန်မာသက္ကရာဇ် ၁၃၆၀(ခရစ်နှစ် ၁၉၉၈)ခုနှစ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိ စာသင်တိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော ဦးဆောင်၍ စေတီတော် ရင်ပြင်တော်နှင့် စေတီတော်အတက် မြေသားလမ်းကို တိုးချဲ့ ကွန်ကရစ်ခင်းခြင်းများ အပါအဝင် ဘက်စုံ ပြုပြင်ခဲ့သည့်အပြင် မြန်မာသက္ကရာဇ် ၁၃၇၉ (ခရစ်နှစ် ၂၀၁၇)ခုနှစ်တွင် စေတီတော်၏ ထီးတော်ကို ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ပူဇော်ခဲ့သည်။

မြန်မာသက္ကရာဇ် ၁၃၆၉ (ခရစ်နှစ် ၂၀၀၇)ခုနှစ်တွင် တာချီလိတ်မြို့ မိုင်းဖုန်းအုပ်စု လွမ်တုံခမ်းဆရာတော် ဦးမဟာခမ်းကျောက်က စေတီတော်ကို ကိုယ်လုံးတော်ပြည့် ရွှေပြားသင်္ကန်း ကပ်လှူပူဇော်ခဲ့သည်။

ထပ်လုံစေတီတော် စတင်တည်ထားကိုးကွယ်သည့်ရက်ကို အစွဲပြု၍ ဘုရားပွဲကို နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့တွင် မီးမျှောပွဲနှင့်အတူ ကျင်းပရာ ပွဲတော်ကာလတွင် ဒေသခံတိုင်းရင်းသားများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အထူးစည်ကားစွာ လာရောက်လေ့ရှိကြသည်။

ဤကဲ့သို့ ခေတ်အဆက်ဆက်က မိုင်းယောင်းနယ်သား တိုင်းရင်းသားတို့၏ နှလုံးအိမ်တွင် မြတ်နိုး တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည့် ဓာတ်လုံစွမ်ယောင်း စေတီတော်မြတ်အား ရွှေမိုင်းယောင်းသားတို့၏ရင်ထဲက မဟာ (သို့မဟုတ်) ထပ်လုံဟု တင်စားခေါ်ဆိုလိုက်ရပါ ကြောင်း....။ ။

စိုင်းအောင်ဇော်လင်း