ဇာဂနာ

Listing Description

အဖ စာရေးဆရာ ဦးနန်းညွန့်ဆွေနှင့် မိခင် စာရေးဆရာမ ဒေါ်ကြည်ဦး ခေါ် ဒေါ်လှကြည်တို့မှ ၁၉၆၁ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း မောင်သူရဖြစ်သည်။

၁၉၇၇ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ဒဂုန်(၁) အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး၊ ၁၉၈၅ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ရန်ကုန်တက္ကသိုလ်မှ သွားဘက်ဆိုင်ရာဆရာဝန်အဖြစ် ဒီဂရီ ရခဲ့သည်။ သွားဘက်ဆိုင်ရာ ကျောင်းတွင် တက်ရောက်နေစဉ်၊ ချင်းပြည်နယ်တွင် လုပ်အားပေး ပညာသင်ကြားရေးအတွက် ဆရာတစ်ယောက်အနေဖြင့် ပါဝင်ခဲ့ပြီး၊ ထိုအတွေ့အကြုံများကို နိုင်ငံတော်စာပေဗိမ္မာန် စာပေတိုက် မှ စာအုပ် ထုတ်ဝေခဲ့သည်။

သူရ၏ ပထမဦးဆုံး အောင်မြင်ချိန်သည် ကောလိပ်တွင် ကျောင်းတက်နေသော အချိန်ဖြစ်သည်။ ထိုစဉ်က သူရသည် ဇာဂနာ အမည်ဖြင့် ရန်ကုန်တက္ကသိုလ်မှ အငြိမ့်သဘင်ပွဲတစ်ခု၌ ဖျော်ဖြေခဲ့သည်။ သူသည် တက္ကသိုလ်ကျောင်းဌာန အသီးသီးမှ ကျောင်းသားများ ပေါင်းစပ်ကာ မြကျွန်းသာ အမည်ရှိသည့် အငြိမ့်အက အဖွဲ့တစ်ခု တည်ထောင်ခဲ့သည်။ ထို့နောက် မိုးနတ်သူဇာ အမည်ဖြင့် ပြဇာတ်အဖွဲ့ တစ်ခုစုစည်းခဲ့ပြီး၊ ကျောင်းသားများ နှစ်ပတ်လည်တွေ့ဆုံပွဲများတွင် ကပြဖျော်ဖြေခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြားတွင် သူ၏ အဖွဲ့သားများ အငြိမ့်ကပြမှုအား ထုတ်လွှင့်ခဲ့ပြီးနောက်၊ ပို၍နာမည်ကြီးလာခဲ့သည်။

၁၉၈၆ ခုနှစ်တွင် မြပုဏ္ဏမာ အငြိမ့်အဖွဲ့ အမည်ဖြင့် မြန်မာ့ရုပ်မြင်သံကြားတွင် မကြာခဏ ထုတ်လွှင့်ခဲ့သည်။ မြန်မာပြည်တွင် အငြိမ့်သဘင်လောကကို ပြန်လည်ခေတ်စားလာအောင် လုပ်ပေးနိုင်ကြသူများတွင် ဇာဂနာသည် အဓိက ပါဝင်သော အနုပညာသမားတစ်ယောက်ဖြစ်သည်။

၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး တွင် ပူးပေါင်းပါဝင်ခဲ့မှုကြောင့် အဖမ်းခံခဲ့ရသည်။ ထိုအချိန်မှ စ၍ ၆ နှစ်ကာလအတွင်းရှိ ၅ နှစ်အချိန်အတွင်းတွင် ထောင်မှ ဝင်လိုက်၊ ထွက်လိုက် နှင့်သာ မကြာခဏ နေထိုင်နေခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာပြီးနောက်၊ ဇာဂနာသည် အငြိမ့်လောကတွင် ပါဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး၊ ရုပ်ရှင်ထုတ်လုပ်မှု၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသားခြင်းတို့ကိုသာ အစိုးရမှ ခွင့်ပြုခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ရုပ်ရှင်စည်းကမ်းများ ကို မလိုက်နာဟု ဆိုကာ၊ သူ၏ ရုပ်ရှင်ထုတ်လုပ်ခွင့်ကို ပိတ်ပင်ခဲ့သည်။ သူသည် ၂၀၀၀ ခုနှစ်တွင် ရုပ်ရှင်လောကတွင် ပြန်လည်ဝင်ခွင့်ရခဲ့သော်လည်း (ဇာတ်သဘင်လောကအတွက်မူ ပိတ်ပင်ခံထားရဆဲ ဖြစ်သည်)။ ၂၀၀၆ ခုနှစ် မေလမှစ၍ ဘီဘီစီ အသံလွှင့်ဌာနနှင့် အမေးအဖြေကဏ္ဍတွင် ပါဝင်ခဲ့သည်ဆိုကာ ဇာဂနာ ၏ ရုပ်ရှင်ဇာတ်ကားများ ထုတ်ဝေခွင့် အားပိတ်ပင်ခဲ့ပြန်သည်။

၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်း၌ နာဂစ် လေဘေးကယ်ဆယ်ရေး လုပ်နေစဉ် စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၁၁-ခု၊ အောက်တိုဘာလ(၁၂) ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၄၉/၂၀၁၁ အရ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား (၆၃၅၉)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြုရာ မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည် လွတ်လာခဲ့သည်။