မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လှိုင်ကွယ်(ကော့ကရိတ်) ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်

Listing Description

ကော့ကရိတ် ဒီဇင်ဘာ ၅

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို ချိတ်ဆက်ပေးထားပြီး မြဝတီ ကုန်သွယ်ရေးဇုန်၊ အရှေ့အနောက် စီးပွားရေးစင်္ကြံ အာရှအဝေးပြေး လမ်းမကြီးတို့နှင့် ချိတ်ဆက်နေသော မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လှိုင်ကွယ် (ကော့ကရိတ်)ကတ္တရာ  ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းက အဆိုပါလမ်းပိုင်း၌   ကျင်းပရာ  ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောဘီစံသိန်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယနေ့ဖွင့်လှစ်သော လမ်းသည် ကရင်ပြည်နယ် အပိုင်းဖြစ်သော မဲသရော-လှိုင်ကွယ်အထိ အရှည် ၂၆ မိုင် ၃ ဖာလုံ၊ အကျယ် ၂၃ ပေရှိပြီး ယခင် က ကိုးပေအကျယ် ကတ္တရာလမ်းပျက် အဖြစ်တည်ရှိခဲ့ရာမှ  ၂၀၁၃- ၂၀၁၄ ခုနှစ်တွင်  ပေ  ၄၀  အကျယ်ရှိသော   မြေသားလမ်းအဖြစ် စတင်ဖောက်လုပ် ခဲ့ကာ ၂၀၁၇-၂၀၁၈ ခုနှစ် ယခုအစိုးရ လက်ထက်တွင်    ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၁၅၃၀၇ ဒသမ  ၁၇ သန်း အကုန်အကျခံ၍ ကော့ကရိတ်ခရိုင် လမ်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့်   လမ်းဦးစီး ဌာနနှင့် Asia Steel Strength ကုမ္ပဏီ တို့ပူးပေါင်း၍ နည်းပညာအသစ်ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း ဖြစ်သည်။

ထိုလမ်းပိုင်းသည် မဲသရော၊ ထီးဟူးသံ၊ ဝင်းက၊  လောင်းကိုင်၊ နောင်တလာ၊ တောင်ကြာအင်း၊ မြောက်ကြာအင်း၊ လှိုင်ကွယ်ကျေးရွာများကို ဖြတ်သန်းသွားပြီး ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည့်အတွက် ဒေသခံ တို့၏  လယ်ယာ၊   ဥယျာဉ်ခြံမြေနှင့် လူနေအိမ်များ တစ်စုံတစ်ရာထိခိုက်ဆုံးရှုံးမှုမရှိဘဲ ယာဉ်ကြီး၊ ယာဉ်ငယ် များ အချိန်တိုအတွင်း ဖြတ်သန်းသွားလာ၍ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝများစွာကို အကျိုးပြုနေပြီဖြစ် သည်။

ပြည်နယ်(ပြန်/ဆက်)