ဇီဝိတဒါန သံဃာ့ဆေးရုံကြီး

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁) ရပ်ကွက်၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ အမှတ် (၃၈) တွင် တည်ရှိသည်။ ၁၉၄၀ ပြည့်နှစ် မေလ ၈ ရက်နေ့တွင် အငြိမ်းစားအရေးပိုင်မင်း ဦးဘအေးသည် ဗဟန်းကြားတောရလမ်းရှိ မိမိပိုင်ဇရပ် အမှတ်(၇၃) တွင် ဇီဝိတဒါနဆေးပေးခန်းလေးအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဦးဘအေးကွယ်လွန်ခဲ့ရာ တရားလွှတ်တော်တရားရေးဝန်ကြီး ဒေါက်တာဘဦးက ဇီဝိတဒါနဆေးခန်းကို ဆက်လက် ဦးဆောင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် လှူဒါန်းသူများ၏ အကူအညီဖြင့် ယနေ့ဆေးရုံတည်ရှိနေသည့် နေရာကို ဝယ်ယူခဲ့ပြီး မြေကွက်နှင့်အတူပါလာသော အိမ်ဟောင်းကြီး၌ ခုတင် (၁၀) ဆံ့ ဆေးရုံငယ်အဖြစ် စတင်ခဲ့သည်။  ၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဆေးရုံသစ်ကြီးအဖြစ် ဖွင့်လှစ်ခဲ့ပြီး ၁၉၇၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ကျောင်းထိုင်ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူပြီး ဇီဝိတဒါနဆေးရုံကို ဇီဝိတဒါနသံဃာ့ဆေးရုံအဖြစ် အမည်ပြောင်းလဲခဲ့သည်။ ထို့နောက် ခုတင်(၁၀၀)ဆံ့ ဆေးရုံကြီးအဆင့် ရောက်ရှိလာခဲ့သည်။ ဆေးရုံကြီးမှာ မြေ ၃.၉၆ ဧကပေါ်၌ အဆောက်အအုံ ၇ ခုဆောက်လုပ်ထားသည်။ ယခုအခါ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးတွင် သံဃာတော်အပါး ၁၀၀၊ သီလရှင်အပါး ၅၀ ကို အတွင်းလူနာအဖြစ်လက်ခံကုသပေးလျက်ရှိသည်။ ပြင်ပလူနာဌာန ၃ ခု၊  ခွဲစိတ်ခန်း ၂ ခု၊ မျက်စိခွဲစိတ်ခန်း ၁ ခုနှင့် နားနှာခေါင်းလည်ချောင်းအတွက် ခွဲစိတ်ခန်းငယ် ၁ ခုရှိသည်။ လူပုဂ္ဂိုလ်များအတွက် ဆရာဝန်ပြသခြင်း၊ ဓာတ်ခွဲခန်း၌ ရောဂါရှာဖွေခြင်း၊ မျက်စိခွဲစိတ်ခြင်း၊ သွားနှုတ်ခြင်းတို့ကို သတ်မှတ်ထားသော အလှူငွေများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။