လက်လုပ်တောင်နန်းသွင်းစေတီတော်

Listing Description

နေပြည်တော်၊ ရာဇဌာနီလမ်းမကြီးဘေး၊ ကိုးရွာသပြေကုန်းရွာအနီး၊ ဥပ္ပါတသန္တိစေတီတော်၏ အနောက်ဘက်မနီးမဝေးတွင် တည်ရှိပါသည်။ လက်လုပ်တောင်ဟူသည် ယင်းတောင်၏ မြောက်ဖက်တစ်မိုင်ခွဲခန့်ကမြေများကို လက်ခုပ်များဖြင့်သယ်ယူ၍ဖို့သောကြောင့် ‘လက်ခုပ်တောင်’ဟု အမည်တွင်ရာမှ ကာလရွေ့လျော၍ ‘လက်လုပ်တောင်’ဟု အမည်တွင်ကျယ်လာခဲ့သည်။ မင်းတုန်းမင်းကြီးသည် လက်လုပ်တောင်တွင် ၉ တောင်ပြည့်ဘုရား တည်ထားပူဇော်ခဲ့သည်။ မင်းတုန်းမင်းကြီးကိုယ်တော်တိုင် ကြွရောက်ဖူးမြော်ခဲ့ပြီး အင်္ဂလိပ်တို့လက်အောက်မှ လွတ်မြောက်ရန် တော်လှန်ရေးဓါတ်ပန္နက် ဆောင်ရွက်ခဲ့သည်။ သက္ကရာဇ် ၁၃၅၃ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်နေ့တွင် မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် သာစည်ရွှေကျောင်းကုန်းမှကြွလာ၍ လက်လုပ်တောင်တွင် သုံးနှစ်ကြာသီတင်းသုံးနေထိုင်ခဲ့ဖူးသည်။ ထို့နောက် ဆရာတော်သည် ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်၊ သုဝဏသျှံတောင်ဘက်ဆီသို့ ပြောင်းကြွသွားတော်မူသည်။ နန်းသွင်းစေတီတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် အတောင် ၃၀ ခန့်ရှိပါသည်။ လက်လုပ်တောင်တောရတွင် နှစ်စဉ်တပို့တွဲလဆန်း ၁ ရက်နေ့မှစ၍ ၁၅ ရက်တရားစခန်းကျင်းပပါရှိသည်။