ဂျာနယ်ကျော်တင့်ဆွေ (၁၉၁၇-၁၉၈၂)

Listing Description

ဂျာနယ်ကျော်တင့်ဆွေကို ရန်ကုန်မြို့ စမ်းချောင်းရပ်တွင် အဖ ဦးသာလူ (မလိခ ကမူ ဦးသာထိုဟု ပြသည်)၊ အမိဒေါ်စောမြတို့က ၁၉၁၇ ခု ဒီဇင်ဘာ ၁ ရက်နေ့၌ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာလည်း ဦးတင့်ဆွေပင် ဖြစ်သည်။

ရန်ကုန်အစိုးရအထက်တန်းကျောင်းနှင့် မြို့မအထက်တန်းကျောင်းတို့တွင် ၁ဝ တန်းအထိ ပညာသင်ယူ ခဲ့သည်။ အထက်တန်း‌ကျောင်းဘဝကတည်းကပင် ရန်ကုန်မြို့ အစိုးရဟိုက်စကူး ကျောင်းမဂ္ဂဇင်း၊ ဝံသယူဝ မဂ္ဂဇင်းတို့၌ ဆောင်းပါးများ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ထို့နောက် ဆယ်တန်း စာမေးပွဲ မဖြေဘဲ ဆယ်သန်း သတင်းစာ တိုက်တွင် ဝင်ရောက် လုပ်ကိုင်ကာ ၁၉၃၇ ခုနှစ်တွင် သတင်းစာလောကနှင့် စာ‌ပေ‌လောကသို့ တပြိုင်တည်း ဝင်‌ရောက်ခဲ့သည်။

ထိုနှစ်မှာပင် တင်‌လေးမြင့် က‌လောင်အမည်ဖြင့် ကလဲ့စား‌ချေသူ ဝတ္ထုကိုရေးခဲ့သည်။ ၁၉၄၇ ခု ဂျာနယ်ကျော်၌ ပါသည့် 'ပြဿနာ' ဝတ္ထုတိုတွင် "ဂျာနယ်ကျော်တင့်ဆွေ" ကလောင်အမည်ကို စတင်အသုံးပြုသည်။ ကျော်လွန်း၊ ကိုကိုသိ၊ မောင်ဆွေတင့်၊ ပြည်သူ့ဟစ်တိုင် တင့်ဆွေ၊ တင်လေးအောင်၊ ပေါ်လွင်၊ ရွှေရိုးကြီး စသော ကလောင် အမည်ခွဲ များကိုလည်း အသုံး ပြုခဲ့သည်။

ဆယ်သန်း၊ လမ်းညွှန်၊ ဂျာနယ်ကျော်၊ သူရိယ၊ ပြည်သူ့ ဟစ်တိုင်၊ ဟံသာဝတီ၊ ဂါးဒီးယန်း၊ အမျိုးသားနှင့် ပြည်ထောင်စု စသော သတင်းစာ တိုက်များတွင် သတင်းထောက်၊ တာဝန်ခံ အယ်ဒီတာ အထိ အဆင့်ဆင့် လုပ်ကိုင်ကျင်လည်ခဲ့သည်။ ရိုက်တာ၊ အေပီ၊ ယူပီစသည့် နိုင်ငံခြားသတင်းဌာနများတွင်လည်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ သတင်းစာလောကတွင် နှစ်ပေါင်းသုံးဆယ်နီးပါးမျှ လုပ်ဆောင်ခဲ့သည်။

မြန်မာပြည် သတင်းထောက်များ အသင်းနှင့် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းတို့တွင် အမှုဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ၁၉၅၂ ခုတွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်းအမှုဆောင်အဖွဲ့ အထွေထွေ အတွင်းရေးမှူး တာဝန်ကိုလည်း ယူခဲ့သည်။

သတင်းစာလောက၌ ကျင်လည်ခဲ့သူဖြစ်ရာ သတင်းစာအခြေခံပညာ (၁၉၅၂)၊ ကလောင်စစ်သား (၁၉၆၆)နှင့် အနှစ်နှစ်ဆယ်ကျော်ကဟူ‌သော သတင်းစာအတတ်ပညာဆိုင်ရာ ကျမ်းနှင့် သတင်းစာ‌လောက အ‌တွေ့အကြုံ စာအုပ်များကိုလည်း ရေးသားပြုစုခဲ့သည်။ သတင်းစာအ‌ခြေခံပညာ (၁၉၅၂) စာအုပ်သည် ၁၉၅၂ ခုနှစ် စာ‌ပေဗိမာန် စာပ‌ဒေသာဆုရ စာအုပ်ဖြစ်ပြီး က‌လောင်စစ်သားသည် ၁၉၆၆ ခုနှစ် အမျိုးသားစာ‌ပေဆု စာပ‌ဒေသာ စတုတ္ထဆုရ စာအုပ်ဖြစ်သည်။

ကမ္ဘာဖြူ (၁၉၅ဝ)၊ မြေအောင်း ပါမောက္ခ တင်းဖရိတ် စသော သိပ္ပံဝတ္ထုများကို မြန်မာစာပေလောကတွင် ပထမဦးဆုံး ရေးဖွဲ့ခဲ့သည်။ ဂျော်လီဆောရီး၊ သက်သက်၊ ပြုံးချင်သူကြီးရယ်၊ တနေ့ဝင်လေသော်၊ ဒီလှိုင်းလေးများ ခြေရာ၊ နှောင်းလေသည့် မိုး၊ မဆုံးနိုင်သော အဆုံး၊ တိုင်းပြည်နှင့် လူမျိုးအတွက် (၁၉၆၆) စသည့် နယ်ချဲ့ဆန့်ကျင်‌ရေးသမိုင်း နောက်ခံပြုဝတ္ထုရှည်များမှာ ထင်ရှားသည်။ ကွယ်လွန်ချိန်အထိ လုံးချင်းဝတ္ထု ၁၅ အုပ်ခန့်ရေးသားခဲ့သည်။ ရုပ်ရှင်သီချင်း၊ ရုပ်ရှင်ဇာတ်ညွှန်းများလည်း ရေးခဲ့သည်။ "သတင်းစာ အခြေခံပညာ" စာအုပ်ဖြင့် ၁၉၅၂ ခုနှစ် စာပေဗိမာန် စာပဒေသာဆု၊ "ကလောင် စစ်သား" ဖြင့် ၁၉၆၆ ခုနှစ် အမျိုးသားစာပေဆု စာပဒေသာ စတုတ္ထဆုတို့ ရရှိခဲ့သည်။ သတင်းစာဆရာအသင်း၏ စတုတ္ထမဏ္ဍိုင်ဆုမှ "အကောင်းဆုံး သတင်းထောက်ဆု" ကိုလည်း ရခဲ့ဖူးသည်။

၁၉၈၂ ခု အောက်တိုဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ၊ ဆ ရပ်ကွက်၊ ခေမာသီ လမ်းသွယ် ၃ နေအိမ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြင့် နှင့် သားသမီး ခြောက်ယောက် ကျန်ရစ်သည်။