ရွှေယင်မျှော်စေတီတော်

Listing Description

ရွှေယင်မျှော်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သာစည်-သပြေဝလမ်းအနောက်ဘက် ရွာကြီးရွာတွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုတော်စေတီများထဲမှ တစ်ဆူအပါအဝင်ဖြစ်ပါသည်။ အရှေ့- ရွှေစာရံဘုရား၊ အနောက်- ရွှေစည်းခုံဘုရား၊ တောင်- ရွှေယင်မျှော်ဘုရား၊ မြောက်- သီဟတောဘုရားဟူ၍ ကျော်လေးဆူသမုတ်ကြရာ ရွှေယင်မျှော်စေတီတော်သည် ကျော်လေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ မြန်မာပြည်အတွင်း အနှံ့အပြားမှ ပျူရှေးဟောင်းအမွေအနှစ်များတွင် တွေ့ရသော လက်ချောင်းရာအရေးအစင်းပါသော အုတ်ချပ်များကဲ့သို့ အိန္ဒိယပြည်- အသောကကျောက်တိုင်(မဂဒါဝုန်)၊ အဇာတသတ် ဓာတ်ပေါင်းစေတီ (ရာဇဂြိုဟ်)၊ ဝေသာလီဓာတ်တော်တိုက်၊ ဇေတဝန်ကျောင်းတော် (သာဝတ္ထိ)၊ ကုဿိနာရုံကျောင်းတော်၊ လုမ္ဗီနီကျောင်းတော်အနီး၊ တိလောကရုတ် (ဂူ)နန်းတော်ရာ နှင့် ဒေသပေါင်း ၁၁ နေရာမှ အုတ်ချပ်များ ကိုလေ့လာပြီး သာစည်မြို့နယ် ရွှေယင်မျှော်ဘုရားအနီးဝန်းကျင်မှ တွေ့ရှိရသော အုတ်ချပ်များနှင့်နှိုင်းယှဉ်ရာ ကိုက်ညီမှုများစွာ တွေ့ရှိရသောကြောင့် အသောကမင်းကြီး၏ ကောင်းမှုတော်ဖြစ်သည်ဟု သမိုင်းသုတေသီပညာရှင်များမှ ကောက်နုတ်ချက်များ တွေ့ရပါသည်။ ရွှေယင်မျှော်ဘုရားကြီးအား အနော်ရထာမင်းကစ၍ ခေတ်အဆက်ဆက်မင်းအဆက်ဆက်မှ ကုသိုလ်ယူ ပြုပြင်မွမ်းမံ ထိန်းသိမ်းလာခဲ့ကြရာ ယခုအခါ စေတီတော်ကြီးသည် ဉာဏ်တော်အမြင့် စိန်ဖူးတော်ထိ ၇၂ တောင်အမြင့်ရှိပြီး ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။ ရွှေယင်မျှော်ဘုရားကြီးအား ကောင်းမှုကုသိုလ်ပြုကြသော မင်းများမှာ - သီရိဓမ္မာသောကမင်း၊ အနော်ရထာမင်း၊ ထီးလှိုင်ရှင်ကျန်စစ်မင်း၊ အလောင်းစည်သူမင်း၊ နရပတိစည်သူမင်း၊ ငါးစီးရှင်မင်း(ပင်းယ)၊ ပထမမင်းခေါင်မင်း၊ သီဟသူမင်း(ဆင်ဖြူရှင်)၊ မိုးညှင်းမင်း(အင်းဝ)၊ သီဟပတေ့မင်း၊ သီဟသူ(စမုံချောင်းဖျားမင်း)၊ သိင်္ခသူ(တောင်ငူဘုရင်)၊ ညောင်ရမ်းမင်း၊ အနောက်ဘက်လွန်မင်း၊ ဘိုးတော်မင်း-ပဒုံမင်းတရား တို့မှ ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြသည်ဟု သိရပါသည်။ စေတီတော်၏ ပရဝုဏ်အတွင်းတွင် ရှေးဟောင်းပစ္စည်းများစွာလည်း ထိန်းသိမ်းပြသထားပြီး ရွှေယင်မျှော်ကန်တော်၊ မေတ္တာရေကန်တော်၊ ပန်းခြံများ၊ တန်ဆောင်းများစွာဖြင့် ထည်ဝါစွာ တည်ရှိပါသည်။