ကုန်းတောင်းသိမ်

Listing Description

ကုန်းတောင်းသိမ်တော်ကို ပုဂံခေတ်အနော်ရထာမင်းလက်ထက်တွင် ရှင်အရဟံမှ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကုန်းတောင်းကျေးရွာအနီးတွင် တည်ထားခဲ့ပါသည်။ အနော်ရထာမင်းလက်ထက် သက္ကရာဇ် ၄၁၆ ခုနှစ်တွင် မိတ္ထီလာကန် ကိုပြုပြင်ခဲ့ရာ ရှင်အရဟံအမှူးပြုသော မထေရ်ကြီးကိုးပါးနှင့် မထေရ်ငယ် ၂၅ ပါးတို့က တစ်ပြိုင်တည်း တစ်ချိန်တည်းတွင် သိမ်ကိုးသိမ်သမုတ်တော်မူခဲ့ကြောင်း မိတ္ထီလာကန်သမိုင်း ကျောက်စာအရသိရပါသည်။ သိမ်ကိုးသိမ်ကို တစ်နေ့တာအတွင်း ဖူးမြော်ဆုတောင်းပါက လိုအင်ဆန္ဒများ ပြည့်သည်ဟု ဒေသခံများက ယုံကြည်ကြပါသည်။ သိမ်ကိုးသိမ်ဆိုသည်မှာ မိတ္ထီလာမြို့နယ်ထဲတွင် ဆည်ကုန်းရွာမှ ပဲသီတာသိမ်၊ အိုမတွေ့ရွာမှ ကတ္တူသိမ်၊ ဝက်ကျောက်ရွာမှ ဝက်ကျောက်သိမ်၊ ရှင်မြို့ရွာမှ ရှင်ပင်ကူသိမ်၊ သီရိမင်္ဂလာရပ်မှ ထီးသုံးဆင့်သိမ်၊ ညောင်ဇောက်ရွာမှ သဖန်းသိမ်၊ ကျောင်းရွာမှ ကလိန်ခြေသိမ်၊ သာစည်မြို့နယ်အတွင်း ဘူးရုံရွာ ကူဖြူသိမ်နှင့် ကုန်းတောင်းရွာမှ ကုန်းတောင်းသိမ်တို့ဖြစ်ပါသည်။