မင်းလှကန်

Listing Description

မိတ္ထီလာခရိုင် သာစည်မြို့နယ် တောင်သူလယ်သမားများ၏ စိုက်ပျိုရေအတွက် အဓိကအားထားသော ညောင်ရမ်း-မင်းလှကန်သည် သာစည်မြို့ အနောက်ဘက် သာစည်-မြင်းခြံ မီးရထားလမ်းနှင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်း တောင်ဘက်မှ ချောင်းဆုံရွာအနီးအထိ တောင်၊မြောက် ၁ဝ မိုင်ခန့်ရှည်လျားသည့် သမိုင်းဝင်ကန်ကြီးဖြစ်ပါသည်။ ညောင်ရမ်း-မင်းလှကန်သည် ရှေးနှစ်ပေါင်း ၉ဝဝ ကျော်က မြန်မာမင်းများ ဆည်ဖို့ခဲ့သော ကန်ကြီးဖြစ်ပြီး ညောင်ရမ်း-မင်းလှကန်ကို တောင်ပိုင်းနှင့်မြောက်ပိုင်း နှစ်ပိုင်းခွဲ၍ တောင်ပိုင်းကို ညောင်ရမ်းရွာအား အခြေပြု၍ ညောင်ရမ်းကန်ဟုခေါ်ကာ မြောက်ပိုင်းကိုမင်းလှရွာအား အခြေပြု၍မင်းလှကန်ဟု ခေါ်ခဲ့ရာမှကန်နှစ်ကန်သည် ရေတဆက်တည်းဖြစ်နေသဖြင့် ညောင်ရမ်း-မင်းလှကန်ဟု ခေါ်တွင်ခဲ့ပါသည်။ ညောင်ရမ်း-မင်းလှကန်သည် တောင်ကုန်းပေါင်း ၁၇ ခုကို ကုန်းတမံများအဖြစ် ဆက်တည်ဆောက်ထားခြင်းဖြစ်ရာ ကန်ပေါင်အလျားစုစုပေါင်း ၅ဝဝဝဝ ပေရှိသည့် အနက် မင်းလှကန်အပိုင်းသည် ကုန်းပေါင်း ၁၁ ကုန်း ဆက်စပ်၍ ကန်ပေါင်ပေတိုင် သုည မှ ၂၄၅ဝဝ အထိဖြစ်သည်။ ထို့အတူညောင်ရမ်းကန်သည်လည်း ကုန်းပေါင်း ခြောက်ကုန်း ဆက်စပ်၍ ကန်ပေါင်ပေတိုင်အမှတ် ၂၄၅ဝဝ မှ ၅ဝဝဝဝ အထိ ကန်ပေါင်အလျားမှာ ၂၅၅ဝဝ ပေဖြစ်ပါသည်။ ညောင်ရမ်းကန်၏ အဓိကရေဝင်ချောင်းမှာ ချောင်းမကြီးချောင်း၊ ချောင်းကောက်ချောင်းနှင့် စွေ့ချောင်းတို့ဖြစ်ပြီး ရေဆင်းဧရိယာမှာ ၅၄ဝ စတုရန်းမိုင်ဖြစ်ကာ တမံအလျားမှာ ၂၅၅ဝဝ ပေဖြစ်ပါသည်။ တမံအမြင့် ၂ဝ ပေနှင့် တမံထိပ်ပြင်အကျယ်မှာ ၁၄ ပေဖြစ်ကာ ကန်ရေပြည့်ရေလှောင် ပမာဏမှာ ယခင် ၉ဝ၅ဝ ဧက ဖြစ်ပြီး၂ဝ၁၂ ခုနှစ် တိုင်းတာမှုအရ ၅၇၉၃ ဧကသာ သိုလှောင်ထားနိုင်ကာ ဆည်ရေသောက်ဧရိယာမှာ ယခင် ၉၄၉၆ ဧကဖြစ်ပါသည်။ ညောင်ရမ်းကန်အပိုင်းတွင် ရေပိုလွှဲ သုံးခုရှိပြီး ၁၆၅ ပေအကျယ်ရေပိုလွှဲအမှတ် (၁) သံမဏိရေတံခါး၊ ၁ဝဝပေအကျယ်ရေပိုလွှဲအမှတ် (၂) (သောတပန်ရေတံခါး)၊ ၁၄ဝ ပေအကျယ် ရေပိုလွှဲအမှတ်(၂-က)(ရွှေကူရေတံခါး)နှင့် ရေထုတ်ပေါက်လေးခုရှိ၍ ရေပေးမြောင်းအရှည် စုစုပေါင်း ၁၂ ဒသမ ၆ မိုင် ဖြစ်ပါသည်။ မင်းလှကန်၏ အဓိကရေဝင်ချောင်းမှာ ဇီးတောချောင်းဖြစ်ကာတမံအမျိုးအစားမှာ မြေသားတမံ ဖြစ်ပြီး တမံအမြင့် ၂ဝ ပေနှင့်တမံထိပ်အကျယ် ၁၄ပေဖြစ်ပါသည်။ ကန်ရေပြည့်ရေလှောင်ပမာဏမှာ ယခင် ၂ဝ၇၄၃ ဧကပေဖြစ်ပြီး ၂ဝ၁၂ ခုနှစ် တိုင်းတာမှုအရ ၁၈၃၆၄ ဧကပေသာရှိပါတော့သည်။ ဆည်ရေ သောက်ဧရိယာမှာ စိစစ်ဧရိယာ ၁၇၇၁၇ ဧကဖြစ်ပြီး မင်းလှကန်တွင် ရေပိုလွှဲ တစ်ခုသာရှိကာ ရေပိုလွှဲအမှတ်(၁) မောင်းတိုင်ရေတံခါးဟုခေါ်ပါသည်။ ၂ဝဝ ပေအကျယ်ဖြစ်ပြီးမင်းလှကန် အပိုင်းတွင် ရေထုတ်ပေါက်လေးခု၊ ရေပေးမြောင်း ငါးခုရှိပြီး မြောင်းအလျားစုစုပေါင်း ၂၄ ဒသမ ၄၄ မိုင်ဖြစ်ပါသည်။