စိုးသူ

Listing Description

ဆရာဝန်၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် စိုးသူကို ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် တောင်တွင်းကြီးမြို့၌ မွေးဖွားသည်။ အဖ ဦးခင်မောင်လွင်(ဆည်မြောင်းတိုင်းဦးစီးမှူး)နှင့် အမိ ဒေါ်ခင်သူဇာ(ဗဟိုတရားရုံးရှေ့နေ)တို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ အမည်ရင်းမှာ စိုးသူလွင် ဖြစ်သည်။ ငယ်နာမည်မှာ ကိုကိုလွင် ဖြစ်သည်။ မွေးချင်း ၃ ယောက် ရှိပြီး အစ်မတစ်ယောက်နှင့် ညီမတစ်ယောက်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။

ဒါရိုက်တာ၊ စာရေးဆရာ ကျော်နိုင်၏ "နံ့သာလူးချိန်၊ ပန်းဖူးချိန်" ဇာတ်ကားဖြင့် ပိတ်ကားပေါ် ရောက်ရှိခဲ့သော်လည်း ၁၉၈၂ ခုနှစ်တွင် "မိုက်ကြွေးမိုက်ပြစ်" ရုပ်ရှင်ဇာတ်ကားကြီးဖြင့် တရှိန်ထိုး နာမည်ကြီးလာခဲ့သည်။ ထိုကားတွင် ခိုင်ခင်ဦးနှင့် တွဲဖက်ရိုက်ကူးခဲ့သည်။ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးခွေ "ရည်းစားလေး အချစ်ရဲ့မှတ်တမ်း" ကို  ၁၉၈၅ ခုနှစ်တွင် ထုတ်ခဲ့သည်။

အနုပညာလောကမှ ခေတ္တ အနားယူပြီးနောက် အမေရိကန်ပြည်ထောင်စု Southern Maryland Hospital နှင့် Washington Hospital Center တို့တွင် နှလုံးအထူးကုဆရာဝန် အဖြစ် တာဝန်ထမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ရောက်ရှိပြီးမကြာခင်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ solo show ပွဲသုံးပွဲပြုလုပ်ပြီး သူ၏ ကျော်ကြားခဲ့သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ထို့ပြင် တီဗွီကြော်ငြာအချို့ကိုလည်း ရိုက်ကူးခဲ့သည်။ 

ကျော်ကြားခဲ့သော တေးစီးရီးအချို့မှာ ကြိုပါကွယ် (၁၉၉၀)၊ ဆယ်ကျော်သက် (၁၉၉၁)၊ သက်ဆုံးတိုင် (၁၉၉၄)၊ ကြည်ဖြူပါတော့ရာသက်ပန် (၂၀၀၀)၊ကိုယ့်နေ့သစ်များ (၂၀၀၁)၊ အမြတ်နိုးဆုံးမင်းလေးအကြောင်း (၂၀၁၅) တို့ဖြစ်သည်။ တစ်ကိုယ်တော် စီးရီး ၁၁ ခွေထုတ်ခဲ့ပြီး ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်၊ ဗွီဒီယို ဇာတ်ကားပေါင်း ၂၀၀ ကျော် ရိုက်ကူးခဲ့သည်။

ဒေါ်ခင်မြမြဝတ်မှုန်နှင့် လက်ထပ်ခဲ့ပြီး သမီး အိန်ဂျယ်စိုးလွင်ကို မွေးဖွားခဲ့သည်။ နောက်ပိုင်းတွင် ဇနီးဖြစ်သူနှင့် ကွာရှင်းခဲ့သည်။