ရွှေအင်းတောင်စေတီတော်

Listing Description

ရွှေအင်းတောင်စေတီတော်သည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့လယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် တည်ရှိပါသည်။ တောင်တွင်းကြီးမြို့ကို တည်ထောင်သော သာဂရမင်းငါးဆက်မြောက် ပိတ်ရောင်မင်းကြီးက ကဿပဘုရားရှင်၏ ဥဏ္ဏလုံမွေရှင်တော်ကို ဌာပနာ၍ ရွှေအင်းတောင်စေတီတော်ကို တည်နေစဉ်အတွင်း မင်းကြီးနတ်ရွာစံသဖြင့် သားတော် သံတောင်မင်းက သံတောင်အမြင့် အတောင် ၃၀ အထိ ဆက်လက်တည်ထားခဲ့သည်ဟု သိရပါသည်။ သာသနာနှစ် ၁၀၁ ခုနှစ်တွင် ပန်ထွာမင်းသမီးက ထပ်မံပြုပြင်၍ ရွှေထီးတင်လှူပူဇော်ခဲ့သည်။ ထို့နောက် သာသနာနှစ် ၉၀၈ ခုနှစ်တွင် တောင်တွင်းကြီးမြို့ကို ဒုတိယအကြိမ် တည်ထောင်သော မင်းပြောင်၊ မင်းရောင် ညီနောင်နှစ်ပါးတို့က စေတီတော်ကို ထပ်မံပြုပြင်ခဲ့ကြပါသည်။ သက္ကရာဇ် ၃၅၈ ခုနှစ်တွင် တောင်တွင်းမင်း သီဟပတေ့လက်ထက်တွင် စေတီတော်ကို ဉာဏ်တော် ၆၆ တောင်အထိမြှင့်၍ တည်ထားကိုးကွယ်ခဲ့သည်။ ဘိုးတော်ဘုရားသည် သက္ကရာဇ် ၁၁၄၇ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၉ ရက်နေ့တွင် နန်းတက်ပြီးနောက် ရွှေအင်းတောင်စေတီတော်အား ဝတ္ထုကံမြေ လှူဒါန်းခဲ့ကြောင်း ၁၁၅၅ ခုနှစ်ရေးထိုး ကျောက်စာတစ်ချပ် စိုက်ထူခဲ့ပါသည်။ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် မြေငလျင်ဒဏ်ကြောင့် စေတီတော်၏ ပထမဖောင်းရစ်အထက်မှ ပြိုကျခဲ့သည်။ မြောက်ထားဝယ်မင်းကြီး မဟာမင်းခေါင်ဘွဲ့ခံ ဦးညိုရောင်သည် ကြီးမှူးကာ စေတီတော်ကို ဉာဏ်တော် ၆၈ တောင်အထိ မြင့်အောင် ပြုပြင်ခဲ့သည်။ ၁၂၁၉ ခုနှစ်တွင် မြေငလျင်လှုပ်၍ ပြိုပျက်ခဲ့ပြန်သည်။ တောင်တွင်းကြီးမြို့ မြောက်ဘက်၊ ဗိုလ်မင်းလှ တန်ဆောင်ဘွဲ့ခံ ဦးဖဲ ကြီးမှူးကာ ဉာဏ်တော် ၇၃ တောင်မြင့်အောင် ပြုပြင်ခဲ့သည်။ ၁၂၅၁ ခုနှစ်တွင် စေတီတော်နှင့် အရုဏ်ခံတန်ဆောင်း ပြာသာဒ်များ မီးလောင်ခဲ့သည်။ ထို့ကြောင့် သမန္တသီရိဝဏ္ဏဘွဲ့ခံ ဦးရွှေအိက ပြန်လည်ပြုပြင်ခဲ့သည်။ ရွှေသင်္ကန်းကပ်ကာ စရပ်၊ တန်ဆောင်းများ ဆောင်လုပ်ခဲ့သည်။ စေတီတော်သည် ဉာဏ်တော် ၇၅ တောင်၊ ထီးအမြင့် ၁၅ တောင် ရှိ၍ စေတီရန်ပေါင်း ၄၁၄ ဆူရှိကာ စေတီတော် ပရိဝုဏ်အတွင်း စေတီပေါင်း ၂၈ ဆူရှိပါသည်။ ထိုအရန်စေတီများမှာ -

(၁) သိဒ္ဓိအောင် (နောင်တော်ကြီး)စေတီ

(၂) အောင်သိဒ္ဓိ(ညီတော်လေး)စေတီ

(၃) အတွင်းလေးကျွန်းအောင်မြေစေတီ

(၄) နရပတိစည်သူစေတီ

(၅) ရွှေဘုန်းမြင့်စေတီ

(၆) ရွှေဘုန်းပွင့်စေတီ

(၇) ဝိဇ္ဇာချုပ်စေတီ

(၈) အတုလမာန်အောင်စေတီ

(၉) အတုလရန်ရှောင်စေတီ

(၁၀) အောင်ဆုယူစေတီ

(၁၁) သိမ်တော်ဦးစေတီ (အဘယသိင်္ဂီ-ရွှေသိမ်တော်)

(၁၂) လောကမာန်နှိမ်စေတီ

(၁၃) အောင်ဆုပေးစေတီ

(၁၄) လောကမာရဇိန်စေတီ

(၁၅) အတုလရန်အောင်စေတီ

(၁၆) လောကရန်နှိမ်စေတီ

(၁၇) မဟာဗောဓိစေတီနှင့် မဟာဗောဓိညောင်ပင်

(၁၈) ပထမအောင်တော်မူစေတီ

(၁၉) ဘွဲ့တော်ပေါင်းချုပ်စေတီ

(၂၀) ကမ္ဘာအေးဓာတ်ပေါင်းစုစေတီ

(၂၁) ဇမ္ဗူပတိ-မြရွှေဂူစေတီ(ပိဋကတ်-ရွှေဂူကြီးစေတီ)

(၂၂) သိဒ္ဓိရှင် (ချမ်းသာကြီး)စေတီ

(၂၃) အောင်လံထူစေတီ

(၂၄) အေးစေတီ

(၂၅) ဓာတ်ပေါင်းစုစေတီ

(၂၆) အောင်ချမ်းသာစေတီ

(၂၇) ရတနာတင်းတိမ်စေတီ

(၂၈) တဝဂူစေတီ