ရွှေအင်းတိန်ဘုရား

Listing Description

ရွှေအင်းတိန်မြတ်စွာဘုရားကြီး သည် ညောင်ရွှေမြို့နယ်   ကျေးပေါခုန်ကျေးရွာအုပ်စု အင်းတိန်ကျေးရွာ၏ အနောက်တောင်ဘက်လေးဖာလုံခန့် အကွာတွင်ရှိပါသည်။ အင်းတိန်ကျေးရွာ ညောင်အုပ် ဘုန်းတော်ကြီးကျောင်းအနီးရှိ အင်းတိန်ချောင်းနေရာမှ ရွှေအင်းတိန်ဘုရားအထိ ပေ ၂၂ဝဝ ခန့်ကို ၁၈ ပေ ၆ လက်မအကျယ် အမိုးပါစင်္ကြံစောင်းတန်းဖြင့် ဆက်သွယ်ထားပါသည်။ စောင်းတန်းတိုင်လုံးပေါင်း ၄ဝ၃တိုင်ခန့် ရှိပါသည်။ အင်းတိန်ကျေးရွာမှ ဘုရားအထိ ပြေပြစ်သော ဆင်ခြေလျှောအဆင့်ဆင့်ဖြင့် တဖြည်းဖြည်းတက်သွားရပြီး ဘုရားကုန်းတော်သည် ပင်လယ်ရေမျက်နှာပြင်မှအမြင့် ပေ ၃၂ဝဝ တွင်တည်ရှိပါသည်။ ဉာဏ်တော် ၄၅ ပေ မြင့်သည့် ရွှေအင်းတိန်စေတီတော်သည် အရံစေတီပေါင်း ၁၀၅၄ ဆူဝန်းရံထားပါသည်။ သီရိဓမ္မာသောကမင်းကြီးမှ သာသနာနှစ် ၂၀၀ ကျော်တွင် ဘုရားရှင်၏ ဓာတ်တော်မွေတော်ကို ဌာပနာ၍ တည်ထားခဲ့ပြီး အနော်ရထာမင်းမှထပ်ဆင့်တည်၍ ခေတ်အဆက်ဆက် မင်းအဆက်ဆက် ပြုပြင်ထိန်းသိမ်း ခဲ့ကြသည်ဟုသိရပါသည်။ ရွှေအင်းတိန်စေတီတော်ကြီး၏ ပတ်ဝန်းကျင်နှင့် ဘီးလူးချောင်းအနီးရှိ အရှေ့ဘက်စောင်းတန်းအစနေရာတွင် စေတီများတစ်စုတစ်ဝေးတည်း တည်ရှိကြပါသည်။ ရှည်လျားပေါ်လွင်သော ဖောင်းရစ်များပါရှိသည့် အင်းဝခေတ်မှ ကုန်းဘောင်ခေတ်နှောင်း (အေဒီ ၁၄ ရာစုမှ ၁၈ ရာစုအထိ) ကွဲပြားခြားနားသည့် ရိုးရာဗိသုကာလက်ရာများနှင့် ရုပ်လုံးကြွ အင်္ဂတေပန်းတော့ လက်ရာများကို မြင်တွေ့နိုင်ပါသည်။ ထို့ပြင် နံရံဆေးရေးပန်းချီလက်ရာများကိုလည်း အတွင်းလိုဏ်ပါသော စေတီနှစ်ဆူတွင် လေ့လာနိုင်ပါသည်။