ရွာငံ (အပျိုစင်) ဒေသကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှားစေရန် ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေ

Listing Description

ရွာငံ   ဇန်နဝါရီ   ၆

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံ(အပျိုစင်)ဒေသကို ကမ္ဘာ့အလယ်တွင်  ထင်ရှား လာစေရန် ခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက် ရှိကြောင်း ရွာငံမြို့နယ် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (YTO)မှ သိရသည်။

ရွာငံမြို့နယ်မှ ထွက်ရှိသော ဒေသထွက်ကုန်များ တန်ဖိုးမြင့် ဈေးကွက် ဖြစ်ပေါ်စေရေး၊ ဒေသ၏ ရိုးရာယဉ်ကျေးမှုဓလေ့များ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့်အတူ ရေရှည် တည်တံ့ခိုင်မြဲသည့် သဘာဝအခြေခံ စီးပွားရေးလုပ်ငန်းများကို  ခရီးသွား လုပ်ငန်းများအဖြစ် ဝင်ငွေပိုမိုရရှိ လာစေရန်အတွက် ခရီးသွားမြို့အဖြစ် မြန်မာသာမက ကမ္ဘာ့အလယ်တွင် ထင်ရှားပေါ်လွင်လာစေရန် ရှမ်းပြည်နယ်အစိုးရ ခရီးသွားရန်ပုံငွေမှ ချမှတ်ပေးထားသော အစီအစဉ်တွင် ရွာငံမြို့YTOအဖွဲ့နှင့်အတူ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူ များ ပူးပေါင်းပြီး ရွာငံမြို့နယ် မြစေတီ ကျေးရွာအနီးရှိ အရှေ့မြင် အနောက် မြင် တောင်တက်ခရီးစဉ်ကို တောင်ထိပ် ၌  သန့်စင်ခန်းများ တည်ဆောက်ခြင်း နှင့် တောင်ခြေတွင် ယာဉ်ရပ်နားနေရာ များ၊ ဈေးဆိုင်ခန်းများ တည်ဆောက် ခြင်းအပြင်  တောင်ခြေနှင့်  မြစေတီ နှစ်မိုင်ခန့်ကို ကျောက်ချောလမ်းအဖြစ် လုပ်ဆောင်လျက်ရှိကြောင်း YTO မှ ဦးကျော်သန်းက ပြောသည်။

 ရွာငံမြို့နယ် ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အနေ ဖြင့် ရွာငံမြို့မြောက်ပိုင်းတွင်ရှိသည့် ပေပေါင်း ၃၀၀ မြင့်သည့် တလုပ်ချ ရေတံခွန်စခန်း၊ ဆင်ဆာပြားဆင်လည် ရေဝင်ဂူ၊ ကျောက်ငှက်ဝန်တွင်းဂူ၊ ပြဒါးလင်းဂူ ၊ ပေပေါင်း ၇၇၅၂ ပေရှိ အရှေ့မြင် အနောက်မြင်တောင်တက် ခရီးစဉ်၊    တောင်ပိုင်းရှိရေဖြူစမ်း၊ ရေပြာအိုင်    တောကျယ်ရေတံခွန်၊ အလယ်ချောင် ရှစ်ထပ်ရေတံခွန်၊ မိန်းမရဲသခင်မတောင်၊ ယူကလစ် တန်း၊ အလွမ်းတောင် View Point ၊  မြင်းမူး    View  Point   များအပြင် အခြားလည်ပတ်စရာများ၊ လေ့လာ  စရာများနှင့် ကမ္ဘာ့အဆင့်မီ ရွာငံဒေသ ထွက် ကော်ဖီများကိုလည်း လေ့လာခြင်းဖြင့် အလည်အပတ်ခရီးစဉ်များ လာရောက်နိုင်ပါရန် ကိုဗစ်အလွန် ခရီးသွားဧည့်သည် များအတွက် လိုအပ် သည်များကို စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ထွန်းထွန်းဝင်း(ရွာငံ)