ပြဒါးလင်းဂူ

Listing Description

ပြဒါးလင်းဂူ (ဗဒလင်းဂူ) သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ် အနောက်ဘက် ၁၀ မိုင်ခန့်အကွာ၊ ပန်းလောင်တောတွင် တည်ရှိပါသည်။ ပဒတ်လိုဏ်ဂူဟုလည်းခေါ်သည်။ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များတွင် ဖော့စဖောရပ်ဓာတ်ပါဝင်မှုကြောင့် တလက်လက်တောက်ပနေသဖြင့် ဒေသခံများက ပြဒါးလင်းဂူဟု ခေါ်ဝေါ်ကြပါသည်။ ဂူအမှတ် (၁) နှင့် ဂူအမှတ် (၂) ဟူ၍ ရှိပါသည်။ ဂူအမှတ် (၁) သည် နံရံဆေးရေးပန်းချီများရှိသော ဂူဖြစ်သည်။ အလျားပေ ၈၀ ခန့်ကျယ်ပြီး၊ အနံ ၂၀ ပေနှင့် အမြင့် ၁၄ ပေခန့် ရှိသောဂူ ဖြစ်သည်။ ဂူအမှတ် (၂)သည် ဂူကြီး ၅ ခု တစ်ဆက်တည်းဖြစ်နေပြီး၊ ပေ ၈၀၀ ခန့်ရှည့်လျား၍ အကျယ်ဆုံးနေရာမှာ ပေ ၃၀၀ ခန့်၊ အမြင့်ဆုံးနေရာမှာ ပေ ၉၀ ခန့်ရှိသည်။ အမိုးများမှာ မြေပြိုကျ၍ အကျယ် ၅ ပေမှ ၁၅ ပေခန့်ရှိသော အမိုးပေါက် ၆ ခု ရှိသဖြင့် လေဝင်လေထွက်အလင်းရောင် ကောင်းမွန်စွာရပါသည်။ သဘာဝထုံးကျောက်များဖြစ်ပေါ်လာသော ကျောက်လည်တိုင်၊ ကျောက်ဆက်မိုးမျှော်၊ ကျောက်ဆက်ပန်းဆွဲများဖြင့် ပြဒါးအလင်းရောင်တောက်နေသော ထုံးကျောက်ခရစ်စတယ်များဖြင့် လွန်စွာလှပပါသည်။ မြန်မာပြည်၌ရှိသော ဂူများအနက် အကြီးဆုံးဂူကြီးဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင် ရှေးဟောင်းသုတေသနဝန် ဦးအောင်သော်ဦးဆောင်၍ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒပညာရှင်များ၊ မနုဿဗေဒပညာရှင်များ၊ ရုက္ခဗေဒနှင့် သတ္တဗေဒပညာရှင်များပါဝင်သော အဖွဲ့ကတူးဖော်ခဲ့ရာတွင် ကျောက်ခေတ်လူသားတို့ ရေးဆွဲခဲ့သော နံရံပန်းချီများသာမက ကျောက်လက်နက်များ၊ တိရစ္ဆာန်တို့၏ အရိုးအကြွင်းအကျန်များ၊ ပြာများ၊ မီးသွေးခဲများ၊ ပန်းချီးရေးဆွဲရာတွင် အသုံးပြုသော မြေနီခဲများကို တွေ့ရှိခဲ့ပါသည်။ ပြဒါးလင်းဂူသည် ရှေးဟောင်းအရုပ်စာများ ပန်းချီများနှင့် သမိုင်းကြောင်းကို လေ့လာရန် အကောင်းဆုံးတစ်နေရာဖြစ်ပါသည်။