မြသပိတ်ရေပြာအိုင်နှင့် တောကျယ်ရေတံခွန်

Listing Description

တောကျယ်ရေပြာအိုင်နှင့် ရေတံခွန်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တောကျယ်ရွာ၊ ဟံမြင့်မိုရ်-ရွာငံအောင်ပန်း လမ်းမပေါ်တွင် တည်ရှိသည်။ ရွာငံမြို့နှင့် ၁၄ မိုင်ခန့်ဝေးကွာသည့် လမ်းမကြီးပေါ်မှ ကျောက်ချောလမ်းအတိုင်း တစ်မိုင်ကျော် ထပ်မံဝင်ရောက်ရပြီးလျှင် ထူးခြားသော သဘာဝရေအိုင်နှင့် လှပသောသဘာဝ ရေတံခွန်သို့ ရောက်ရှိနိုင်ပါသည်။ ရေပြာအိုင်သည် ပေ ၇၀ ပတ်လည်ခန့်ကျယ်ဝန်းပြီး ရေပြာအိုင်ရှိရေများမှာ ကြည်လင်၍အပြာရောင်လဲ့နေသည်။ ရေပြာအိုင်နှင့် ရေတံခွန်တို့သည် သဘာဝတောတွင်း၌ တည်ရှိနေသကဲ့သို့ အနီးဝန်းကျင်ရှိ သစ်ပင်၊သစ်တောများကိုလည်း တွေ့မြင်နိုင်ပါသည်။ ရေတံခွန်မှာ သုံးဆင့်ရေတံခွန်ဖြစ်ပြီး ပေ ၅ဝ အမြင့်ကျော်မှ သဘာဝကျောက်တောင် ကျောက်တုံးကြီးများကို ဖြတ်ကျော်ဖြာကျ စီးဆင်းလာခြင်း၊ ရေတံခွန်၏ ရေကျနေသော နေရာများကျယ်ဝန်းခြင်း၊ ရေတံခွန်နှင့် အတူရေဆော့ ကစားနိုင်ရန် ရေပြင်ကျယ်များ ရှိနေခြင်း၊ သစ်တောသစ်ပင်များနှင့် အရိပ်အာဝါသ ကောင်းမွန်အေးမြခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း တို့ကြောင့် အပန်းဖြေလည်ပတ်သူများ စည်ကားလျက်ရှိပါသည်။