ဆီမီးခုံမြို့

Listing Description

ဆီမီးခုံမြို့သည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှ မြောက်ဘက် ၂၁ မိုင်အကွာတွင် တည်ရှိပြီး ဧရာဝတီမြစ်ကမ်းဘေး၌ တည်ရှိသည်။ ရှေးယခင်နှစ်ပေါင်းများစွာကတည်းက တည်ရှိသော ကျေးရွာကြီးဖြစ်သည်။ နယ်မြေဖွံဖြိုးတိုးတက်မှု၊ စည်ကားလာမှု၊ အုပ်ချုပ်ရေးအရလည်း မြင်းခြံနှင့် အလှမ်းဝေးနေသောကြောင့် ဆီမီးခုံရွာအား ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် အမှတ် (၁၊ ၂၊ ၃၊ ၄) ဟူ၍ ရပ်ကွက် ၄ ခုဖြင့် မြို့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။  အနုပညာလက်ရာမြောက်သော ရှေးဟောင်း ဘုရားပုထိုး၊ ကျောင်းကန်များလည်း အများအပြား ရှိကြသည်။ ဆီမီးခုံမြို့တွင် ရှေးဟောင်း "ရွှေစည်းခုံ" စေတီရှိရာ "တလုပ်မြို့၊ ဆီမီးခုံရွာ၊ ရွှေစည်းခုံဘုရား" ကျောက်စာအရ သက္ကရာဇ် ၇၈၅ ခုနှစ်တွင် တည်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်၌ လှေလောင်းပဲ့နင်းကြီး ဦးအံ့ တည်ဆောက်ခဲ့သော ရှေးဟောင်းတံတားတစ်စင်းရှိသည်။ ကျွန်းတိုင်ကြီး ၈၃ တိုင်ဖြင့် တည်ဆောက်ထားကာ ရွာသူရွာသားများ နားနေရန်အတွက် ဇရပ် ၃ ဆောင် ပါသည်။ ထိုတံတားမှာ ဦးပိန်တံတားနှင့်အပြိုင်တည်ဆောက်ခဲ့ရာ ယခုအခါ နှစ်ပေါင်း ၁၆၀ ကျော် ရှိပြီဖြစ်သည်။  တံတားတိုင်လုံးများထိပ်တွင် ထီးအမိုးကဲ့သို့ ကျောက်ခွက်များ တင်ထားခြင်းကြောင့် တိုင်လုံးထဲသို့ မိုးရေစိမ့်ဝင်ခြင်းမရှိသဖြင့် ယခုအချိန်ထိ နှစ်ပေါင်းရာကျော်အထိ ယိုယွင်းပျက်စီးမှုမရှိဘဲ အသုံးပြုနိုင်လျက်ရှိသည်။ ၎င်း ပုဂံမင်းလက်ထက်တွင် ဆီမီးခုံရွာကို စားရသော ဆီမီးခုံရွာစားမှာ ဥမ္မာဒန္တီပျို့ကို ရေးသားသူ ပုဂံဝန်ဦးရွှန်း ဖြစ်၏။ ထိုတံတားအပြင် သက္ကရာဇ် ၁၂၂၂ ခုနှစ်၊ ပြာသိုလတွင် ဆီမီးခုံအနောက်ဘက်ရှိ "သာထွန်း" ရွာမှ "ဦးတူ"  ဆောက်လုပ်လှူဒါန်းခဲ့သော ယွန်းရုပ်စုံဘုန်းကြီးကျောင်းလည်း ရှိသည်။ ထိုဘုန်းကြီးကျောင်းအား မန္တလေးရွှေကျောင်းနှင့်ပုံစံတူ အဆောင် ၃ ဆောင်ဖြင့် ဆောက်လုပ်ခဲ့ပြီး တိုင်ပေါင်း ၁၈၆ တိုင် ပါဝင်၏။ ယခုအခါ နှစ်ပေါင်း ၁၆၀ ကျော် ရှိပြီဖြစ်သည်။