ညီစေမင်း (၁၉၄၉-၂၀၂၁)

Listing Description

စာရေးဆရာ တစ်ဦးဖြစ်သည်။ သူသည် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဂုဏ်ထူးဆောင်အသင်းသား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ လည်း ဖြစ်သည်။ ၁၉၄၉-ခု၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် အဖ ဦးမြိုင်၊ အမိ ဒေါ်သိန်းတို့မှ မြင်းခြံမြို့တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးကျော်ဇံလှ ဖြစ်သည်။

၁၉၅၃-၁၉၆၆ ကာလတွင် အထက(၁) မြင်းခြံ၌ ပညာသင်ကြားခဲ့ပြီး ၁၉၆၆-၁၉၆၈ ၌ မန္တလေး ဆရာအတတ်သင်သိပ္ပံ၊ ၁၉၆၈-၁၉၇၃ တွင် မန္တလေးတက္ကသိုလ် ညနေသင်တန်း၊ ၁၉၇၆-၁၉၇၈ အတွင်း ရန်ကုန်ပညာရေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ရာ ဝိဇ္ဇာဘွဲ့၊ ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့၊ ဥပဒေပညာ HGP ဘွဲ့များ ရရှိခဲ့သည်။

၁၉၆၈ ခုတွင် ဆရာအတတ်သင်သိပ္ပံမှ ဘွဲ့ရသည်နောက် ကျောင်းဆရာအဖြစ် အလုပ်ဝင်ခဲ့သည်။ ကျောင်းဆရာဖြစ်စ ၁၉၆၇-၆၈ ပညာသင်နှစ်ထုတ် ဆရာအတတ်သင် နှစ်ပတ်လည်မဂ္ဂဇင်းတွင် ဆောင်းပါးရေးကာ စာပေနယ်သို့ ခြေချသည်။

၁၉၇၀ ပြည့်၊ မေလထုတ် ရှုမဝမဂ္ဂဇင်းတွင် မောင်ငြိမ်းခိုင်အမည်ဖြင့် ကဗျာ စပါသည်။ သို့သော် နောက်ပိုင်းတွင် ဆောင်းပါး၊ ဝတ္ထုများကိုသာ အားစိုက်တော့၏။ ရုပ်ရှင်မျက်မှန်၊ ပန်းတိုင်၊ မြန်မာ့ဓန၊ ဗြူးတီး၊ ရုပ်ရှင်သစ္စာ၊ စံပယ်ဖြူ စသည်တို့တွင် ဆောင်းပါးများ၊ ဘာသာပြန်ဝတ္ထုများ ရေးခဲ့သည်။ မန္တလေးအခြေစိုက် ပန်မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်ဖူးပြီး မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်းတွင် ပင်တိုင်ဆောင်းပါးရှင်ဖြစ်သည်။

ရေးသားခဲ့သောစာအုပ်များ

ဒါဖတ်ပြီးမှ ...  ၂၀၀၃

သတင်းသမားကောင်းဖြစ်ဖို့    ၂၀၀၉

နပိုလီယံကိုခြောက်တဲ့တစ္ဆေနှင့်အခြားဝတ္ထုတိုများ   ၂၀၁၄

ပေါက်ဖော်ဆွေရင်းနံနက်ခင်း စာစုများ       

ဟယ်လင်ကဲလား     

စန္ဒာရှင်မနှင့်ခေတ်စမ်းပုံပြင်များ      

ဝိရောဓိများစုဆုံရာ     ၂၀၁၄

ခေတ်နှစ်ခေတ် ထောင်နှစ်ထောင်     ၂၀၁၅

သမိုင်းရိပ်ထင်ဂန္ထဝင်ရုပ်ရှင်ကားများ  ၂၀၁၇

ခေါ်ခင်မျိုးချစ်မှသည် ဒေါ်အောင်ဆန်းစုကြည်ထိ    

နိုင်ငံတော်စစ်ဆေးရေးမှူးချုပ်          ၂၀၂၀