ရှင်မင်းဘူးစေတီတော်

Listing Description

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်(၄)နယ်မြေတွင် တည်ရှိပါသည်။ သက္ကရာဇ် ၂၃၈ ခုနှစ်တွင် မယ်မင်းပူးဆိုသူ အမျိုးသမီးမှ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ ပုဂံမင်းဆက် ၅၅ ဆက်ရှိသည့်အနက် ၃၆ ဆက်မြောက်မင်းဖြစ်သော စလေငခွေးဘုရင်မဖြစ်မီကာလက ယခုမင်းဘူးမြို့သည် ယခင်က ဇေယျာလှဆိုသော ရွာကြီးဖြစ်သည်။ ဇေယျာလှရွာသူ မယ်မင်းပူးဆိုသူ အမျိုးသမီးသည် ဗေဒင်လက္ခဏာတတ်ကျွမ်းသူဖြစ်၍ စလေငခွေးမှာကား လှေထိုးသားဘဝနှင့် အောက်ပြည်အောက်ရွာသို့ရောက်ရှိလာပြီး ဇေယျာလှရွာသို့အရောက်တွင် မယ်မင်းပူးထံ ဗေဒင်လက္ခဏာမေးကြည့်ရာ ရှင်ဘုရင်ဖြစ်လိမ့်မည်ဟု ဟောကြားခဲ့သည်။ စလေငခွေးကလည်း ကျွန်ုပ်ရှင်ဘုရင်ဖြစ်လျှင် အသင့်ကို မိဖုရားကြီးမြှောက်ပါမည်ဟု ကတိပေးခဲ့ပြီးနောက် ပုဂံပြည်သို့ လှေကိုဆန်တက်သွားသောအခါ ထိုအချိန်က ပုဂံပြည်သည် မင်းဆက်ပြတ်သောအချိန်ဖြစ်၍ မင်းလောင်းရှာနေချိန် စလေငခွေးရောက်ရှိသွားပြီး သက္ကရာဇ် ၂၃၈ ခုနှစ်တွင် ပုဂံမင်းဆက် ၃၆ ဆက်မြောက်ဘုရင်ဖြစ်၍ ထီးနန်းတက်ခဲ့သည်။ စလေငခွေးဘုရင်ဖြစ်လာသောအခါ ကတိပြုခဲ့သော ဇေယျာလှရွာသူ မယ်မင်းပူးအား မိဖုရားကြီးမြှောက်ပြီး ပုဂံပြည်သို့ခေါ်ဆောင်ရာ မိဖုရားကြီး မယ်မင်းပူးက ပုဂံပြည်သို့မလိုက်မီ မိမိဇာတိရပ်ရွာတွင် ဘုရားတစ်ဆူတည်ခွင့်တောင်း၍ ရွှေလှည်းကိုးစီး၊ ငွေလှည်းကိုးစီး ဌာပနာ၍ စေတီတော်တစ်ဆူတည်ခဲ့သည်။ မယ်မင်းပူးတည်ခဲ့သော ဘုရားဖြစ်ခြင်းကြောင့် မယ်မင်းပူးဘုရားဟု လူသိများခဲ့ရာမှ ကာလရွေ့လျောလာသောအခါ မယ်မင်းဘူးဘုရားဖြစ်၍ ယခုအခါ ရှင်မင်းဘူးစေတီတော်မြတ်ကြီးဟု တန်ခိုးကြီးစေတီတစ်ဆူအဖြစ် ထင်ရှားပါသည်။