မှန်ကင်းရုပ်စုံကျောင်း (စကုမြို့)

Listing Description

စကု ရုပ်စုံကျောင်း သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့နယ် မင်းဘူး-စလင်း ကားလမ်းအနီးတွင် တည်ရှိသော ရှေးဟောင်း မှန်ကင်းရုပ်စုံကျောင်းဖြစ်ပါသည်။ ၁၈၆၆ ခုနှစ်တွင် ဒေါ်ငြိမ်းကောင်းက ကျွန်းတိုင် ၁၃၆ လုံးကို အင်္ဂတေ အုတ်ဖိနပ်များခံ၍ စိုက်ထူတည်ဆောက်ခဲ့ရာ အလျား ၁၃၁ ပေ၊ အနံ ၆၅ ပေခွဲရှိ ကျောင်းဆောင်ကြီးဖြစ်ပါသည်။ အုတ်လှေကား သုံးစင်း တပ်ဆင်ထားကာ ပြဿဒ်ဆောင်၊ စနုဆောင်နှင့် ဆောင်မကြီးတို့ ပါရှိသည်။ စနုဆောင်တစ်ဖက်တစ်ချက်တွင် ပစ္စည်းများသိုလှောင်သိမ်းဆည်းရန် ရည်ရွယ်ခဲ့ဟန်ရှိသည့် ဝဲဆောင်နှင့် ယာဆောင်ဟုခေါ်သည့် အဆောင်ပို တစ်ခုစီကို ထည့်သွင်းတည်ဆောက်ခဲ့သည်။ ကျောင်းပေါ်သို့တက်ရန် မြောက်ဘက်တွင် အုတ် လှေကားနှစ်ခုနှင့် တောင်ဘက်တွင် အုတ်လှေကား တစ်ခုရှိကာ ဆောင်မကြီးတွင် ကိန္နရာရုပ်များထွင်းထုထား သည့် တံခါးရွက်များကို တပ်ဆင်ထားသည်။ ကျောင်းတိုင် များကို သဲကျောက်ဖုံးများဖြင့် အုပ်ထားပြီး ကျောင်း၏ လက်ရန်းပတ်လည်တွင် ဗုဒ္ဓဝင် ဇာတ်ကွက် သစ်သားရုပ်များသာမက ကုန်းဘောင်ခေတ် လူနေမှုဘဝ သရုပ်ဖော်များကိုပါ ထုလုပ်တပ်ဆင်ထားပါသည်။