ပထမတိုက် သုံးထပ်ကျောင်း

Listing Description

မင်းဘူး (စကု) မြို့တွင်ရှိသည့် ထင်ရှားသော သစ်သား ဘုန်းတော်ကြီးကျောင်းများအနက် ပထမတိုက်သုံးထပ်ကျောင်းနှင့် မှန်ကင်းရုပ်စုံကျောင်းတို့သည် အထူးထင်ရှားပါသည်။ မူလပထမတိုက် သုံးထပ်ကျောင်းကို ၁၉၂၀ ပြည့်နှစ်နှောင်းပိုင်းတွင် သူကောင်းမျိုးနွယ်ဦးသိုက်နှင့် သားဖြစ်သူတို့က တည်ဆောက်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ပြန်လည်မွမ်းမံပြင်ဆင်ကာ တစ်ခန်းလျှော့၍ ပြန်လည် ဆောက်လုပ်ခဲ့သည်။ လက်ရှိမြင်တွေ့ကြရသည့် ပထမတိုက်သုံးထပ်ကျောင်းကို ကျွန်းတိုင် ၁၁၅ လုံးဖြင့် ပြုပြင်တည်ဆောက် ထားကာ အလျား ၁၁၁ ဒသမ ၅ ပေ၊ အနံ ၅၂ ဒသမ ၄၉ ပေရှိ၍ ပြာသာဒ်ဆောင်၊ စနုဆောင်နှင့် ဆောင်မကြီးတို့ ပါဝင်သည်။ ပြာသာဒ်ဆောင်ပေါ်တွင် ဘုံခုနစ်ဆင့် ပြာသာဒ်နှင့် စနုဆောင်ပေါ်တွင် ဘုံနှစ်ဆင့် ပြာသာဒ်တင်ထားပြီး ကျောင်းပေါ်သို့ တောင်ဘက်လှေကားမှ တက်ရောက်နိုင်သည်။ ကျောင်းအောက်ထပ် နံရံလေးဖက်ကို အုတ်ဖြင့် တည်ဆောက်လျက် အပေါ်ထပ်ကို သစ်သားများဖြင့် ဆောက်လုပ်ကာ အပေါ်ထပ် လေးဖက်ပတ်လည်တွင် ဝရန်တာထုတ်ထားသဖြင့် ကျောင်းပတ်လည်ကို လှည့်ပတ်ကြည့်ရှုနိုင်သည်။ ဝရန်တာ ပတ်လည်လက်ရန်းများကို ပန်းကနုတ်များဖြင့် မွမ်းမံထားကာ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်မျက်နှာစာရှိ တိုင်ထောင့်များတွင် ဝိဓူရ ဇာတ်တော်လာ ဇာတ်ကွက်ရုပ်တုများကို လက်ရာမြောက်စွာ ထုလုပ်ထားသည်။ မြောက်ဘက် ဝရန်တာ လက်ရန်းတွင် ယင်းအချိန်က လူနေမှုဘ၀ သရုပ်ဖော်ပုံများဖြစ်သည့် အိုးစည်တီးနေပုံ၊ တံမြက်စည်း လှည်းကျင်းနေပုံ စသည်တို့ကို မြင်တွေ့နိုင်သည်။