ဟန်လင်းမြို့ဟောင်း

Listing Description

ဟန်လင်းမြို့ဟောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း၊ ရွှေဘိုမြို့၏ အရှေ့တောင်ဘက်၁၀ မိုင် ၅ ဖာလုံအကွာ၊ ဝက်လက်မြို့မှ အရှေ့မြောက်ဘက် ၆ မိုင်အကွာတွင် တည်ရှိသည်။ မန္တလေးမှ မြစ်ကြီးနားသို့သွားသော မီးရထားလမ်းပေါ်ရှိ မုဆိုးချုံဘူတာရွာမှ အရှေ့ဘက် ငါးမိုင်ခွဲခန့် ကွာဝေး၍ ကားလမ်းမကြီးဖြင့် ဆက်သွယ်ထားသည်။ ဟန်လင်းမြို့ဟောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကာလတွင် တည်‌ဆောက်ခဲ့ကြောင်း ပညာရှင်များမှ အထောက်အထားခိုင်လုံစွာဖြင့် ဖော်ပြထားပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့ပါသည်။ ပျူလူမျိုးတို့၏ ကျောက်ခတ်၊ ကြေးခေတ်နှင့် သံခေတ်များကို ဖြတ်သန်းတိုးတက်လာခဲ့သော ယင်းဟန်လင်းမြို့ဟောင်းသည် ကျုံး၊ အုတ်မြို့ရိုး၊ ရေသွင်းစနစ်တို့ဖြင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရပြီး အုတ်မြို့ရိုးမှာ တောင် မြောက်၂ မိုင်ခန့်ရှည်လျားကာ အရှေ့အနောက် ၁ မိုင်ခန့်ရှည်လျားပါသည်။ အကျယ်အဝန်းမှာ စုစုပေါင်း ဧက ၁၂၀၀ ကျော်ရှိပါသည်။ ဟန်းလင်းမြို့ဟောင်းတွင် တံခါး ၂၄ ပေါက်ရှိသည်ဟု အဆိုရှိသော်လည်း ယခုအခါ အရှေ့ဘက်တွင် ငါးပိအိုးတံခါး၊ အနောက်ဘက်တွင် ပျားကြီးတောင့်တံခါး၊ တောင်ဘက်တွင် တံခါးတော်၊ မြောက်ဘက်တွင် တကန်သာ စသော တံခါး များသာ ကျန်ရစ်တော့သည်။ မြို့ဟောင်းအတွင်းတွင် ရှေးဟောင်းအဆောက်အအုံနှင့် အုတ်ကုန်းမို့မို့မောက်မောက်များကို လုံးဝ မတွေ့ရချေ။ အနောက်ဘက်မြို့ရိုး၌ကပ်၍ တည်ထားသော တောရဂူကြီးမှာ လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ကျော်ခန့်ကမှပင် မြို့ရိုးအုတ်မျာကို အသုံးပြု၍ တည်ဆောက်ထားဟန်တူသည်။ ဟန်လင်းမြို့ဟောင်း၏ တောင်ဘက်၌ရှိသော ဟန်လင်းရွာကြီးနှင့် ပတ်ဝန်းကျင်တွင်မူ ရှေးဟောင်းဘုရားများကို ဖူးတွေ့နိုင်သည်။ ယင်းတို့အနက် သီရိဓမ္မာသောကမင်း၏ ကောင်းမှုဟု အဆိုရှိသော ရွှေကူကြီးစေတီ၊ ကျန်စစ်သားမင်း၏ ကောင်းမှုဖြစ်သော ရွှေအင်ပင်စေတီ၊ အလောင်းစည်သူမင်း၏ ကောင်းမှု ဖြစ်သော ရွှေယပ်တော်စေတီ၊ ဒါတင်္ဂရာဇ်အမတ်ကြီး၏ ကောင်းမှုဖြစ်သော ရွှေဂူသာစေတီနှင့် သမန္ထဘဒ္ဒရာ အမတ်ကြီး၏ကောင်းမှုဖြစ်သော ရွှေပန်းနှော (ယခုအခါ ရွှေပန်းတော) စေတီများမှာ ထင်ရှားကျော်ကြားပါသည်။ ဟန်လင်းဒေသတွင် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် သဘာဝရေပူစမ်းများ၊ကုန်းတွင်း ဆားချက်သည့် ဆားမြေနှင့်ဆားကျင်းများ၊ ရှေးဟောင်းစေတီများတည်ရှိနေပြီး ဟန်လင်းတူးဖော်မှုများမှ ရရှိခဲ့သည့် ရုပ်ကြွင်းများကို မူလ တူးဖော်တွေ့ရှိသည့် နေရာ၌ပင် တူးကွက်ပြတိုက်(Site Museum) များအဖြစ်ပြသထားသည်။