အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်) (၁၉၀၀-၁၉၇၇)

Listing Description

အရှင်ဇနကာဘိဝံသသည် မြန်မာနိုင်ငံသာသနာဝင်တွင် ထင်ရှားကျော်ကြားခဲ့ပြီး ကျမ်းစာများပြုစုကာ သံဃာတော်များအား ဗုဒ္ဓစာပေများ ပို့ချပေးတော်မူခဲ့သည့် ရဟန်းတစ်ပါး ဖြစ်သည်။ “ဘာသာဋီကာ”ကျမ်းများ ပြုစုတော်မူခဲ့ခြင်းကြောင့် ၂၀ ရာစု ရှင်မဟာဗုဒ္ဓဃောသ ဟု သာသနာတော်နယ်တွင် ကျော်ကြားပြီး ဒေါက်တာသန်းထွန်းက ၂၀ ရာစု မြန်မာနိုင်ငံ၏ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရွေးချယ်ခဲ့သည်။

၁၂၆၁ - ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၄)ရက် (၁၉၀ဝ-ပြည့်နှစ်၊ ဖေဖော်ဝါရီလ-၂၇ရက်) အင်္ဂါနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သရိုင်ရွာ၌ အဖ-ဦးဇောတိ၊ အမိ ဒေါ်အုန်းလှိုင်တို့က မွေးဖွားခဲ့။ ငယ်မည်မှာ မောင်ဌေးလွင်ဖြစ်သည်။

သရိုင်ရွာ ပင်းကျောင်းဆရာတော်ထံတွင် စတင်၍ပညာဆည်းပူးရာ တစ်နှစ်ခွဲအတွင်း အခြေခံသင်ရိုးကောင်းစွာ ပေါက်မြောက်ခဲ့ပြီး၁၂၆၆ ခုနှစ်တွင် ပထမအကြိမ် ရှင်သာမဏေပြုသည်။ ၁၂၇၄ - အသက်(၁၂)နှစ်အရွယ်တွင် မန္တလေးမြို့အနောက်ပြင် ဝိသုဒ္ဓါရုံ၊ ဇီးပင်ကျောင်းတိုက်၌(မြောင်းမြဆရာတော်လောင်း) စာချဘုန်းကြီး ဥူးဉာနာဘိဝံသထံ ဆက်လက်ပညာသင်ကြားသည်။ ၁၂၇၅ တွင် ဒုတိယအကြိမ်ရှင်သာမဏေပြုပြီး နှစ်နှစ်အကြာ အသက်(၁၅)နှစ် အရွယ်၌ ပထမငယ်တန်းအောင်မြင်ခဲ့သည်။ ၁၂၇၈ - အသက်(၁၆)နှစ်သားတွင် ပထမလတ်တန်းအောင်၍ ဥူးဉာနာဘိဝံသကို ဥပဇ္ဈာယ်ပြုကာ သာမဏေဘောင်သို့ ဝင်ရောက်ခဲ့ပြီး ရှင်ဇနက အမည်ကို ကိုယ်တိုင်ရွေးချယ်ခဲ့သည်။ ၁၂၇၉ - ပထမကြီးတန်းအောင်သည်။ ၁၂၈၀ - တပေါင်းလပြည့်တွင် ပလိပ်မြို့ ဧကျောင်း ခဏ္ဍသိမ်တော်၌ စစ်ကိုင်းတောင်ရိုး၊ မဟာဂန္ဓာရုံဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်သည်။

၁၂၈၁ ခုနှစ် ရဟန်းဘဝတွင် နယုန်လပြည့်နေ့၌တစ်ကြိမ်၊ တပေါင်းလပြည့်နေ့၌တစ်ကြိမ် သိက္ခာထပ်သည်။ ပထမကြီးတန်းအောင်ပြီးနောက်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းတိုက်တွင် ပညာဆက်လက်ဆည်းပူးသည်။ စာဝါတက်ခိုက် ရဟန်း(၃)ဝါအရတွင် ပညာထက်မြက်ထူးချွန်မှုကြောင့် ဂဏဝါစက စာချအဖြစ်ချီးမြှောက်ခံရပြီး စာဝါချပေးသည်။ ပခုက္ကူတွင် (၄) ဝါစာချပြီးနောက် မန္တလေးမဟာဝိသုဒ္ဓါရုံကျောင်းတိုက်သို့ ပြန်ကြွသည်။ ၁၂၈၃ - ကဆုန်လဆန်း(၁)ရက်နေ့၌ ပခုက္ကူဆရာတော်ကြီးများ၏ ပခုက္ကူစာချ အဖြစ်တင်မြှောက်ခံရသည်။ ၁၂၈၇ ပထမကျော်တန်းအောင်မြင်သည်။ ၁၂၈၉ - ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယဘွဲ့ရသည်။ ထို့နောက် အဘယာရာမဆရာတော်ခေါ်ယူသည့်အတွက် မန္တလေးအနောက်ပြင် အဘယာရာမရွှေဂူတိုက်သစ်သို့ပြောင်းရွှေ့ပြီး စာဝါများပို့ချပေးခဲ့ရ၏။

၁၂၉၀ ခုနှစ် ရဟန်း (၁၀) ဝါအရတွင် မိမိ၏ မွေးနေ့ဖြစ်သော တပို့တွဲလကွယ်နေ့၌ သင်္ဂြိုဟ်ဘာသာဋီကာကို စတင် ပြုစုသည်။ ၁၂၉၃ ခု သင်္ဂြိုဟ်ဘာသာ ဋီကာကိုပြုစုနေစဉ် ဖခင်ဒကာကြီးနှင့် အဘယာရာမ ဒကာကြီးတို့ တောင်းပန်သည့်အတွက် ရတနာ့ဂုဏ်ရည်ကိုပြုစုပြီး ထုတ်ဝေသည်။ (ပထမဆုံး ပုံနှိပ်ထုတ်ဝေသောကျမ်းစာဖြစ်သည်။) ထို့နောက်အခြေပြုသင်္ဂြိုဟ်၊ အခြေပြုသဒ္ဒါ သင်္ဂြိုဟ်ဘာသာဋီကာ၊ ကိုယ်ကျင့်အဘိဓမ္မာ စသည်ဖြင့် ကျမ်း များဆက်ကာဆက်ကာ ပြုစုသည်။ သဂြိုဟ်ဘာသာဋီကာကို စတင်ရေးသားချိန်မှပြီးစီးချိန်ထိ(၈)နှစ်အချိန်ယူပြုစုခဲ့ရသည်။ အဘယာရာမကျောင်းတိုက်တွင် (၁၂) နှစ်ကျော်သတင်းသုံးစဉ် စာချခြင်း၊ စာရေးခြင်း၊ တရားဟောခြင်း၊ ကျောင်းအုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ခြင်းဟူသော တာဝန်များယူရသည့်အပြင် အဘယာရာမဆရာတော်ကြီးကိုလည်းကူညီဆောင်ရွက်ပေးရသည်။ ၁၃၀၃ - ဝါဆိုလ(၁၉၄၁-ခု၊ ဇူလိုင်လ) တွင်တောင်မြို့သို့ပြောင်းရွှေ့၍ မဟာဂန္ဓာရုံကမ္မဌာန်းကျောင်းတိုက်တွင် ဗုဒ္ဓဘာသာ သင်ခန်းစာများ အမည်ဖြင့် သူငယ်တန်းမှ ဒဿမတန်းအထိရေးသားပြုစုပေးခဲ့သည်။

၁၃၀၃ - ဝါဆိုလ(၁၉၄၁-ခု၊ ဇူလိုင်လ) တွင်တောင်မြို့သို့ပြောင်းရွှေ့၍ မဟာဂန္ဓာရုံကမ္မဌာန်းကျောင်းတိုက်တွင် သီတင်းသုံးသည်။ ဆရာတော်သည် မဟာဂန္ဓာရုံကျောင်းတိုက်ကို စနစ်တကျတည်ထောင်ပြီး စာဝါများပို့ချပေးခဲ့ရာ (၃၇)နှစ်အတွင်း ကျောင်းဆောင်(၁၀ဝ)ကျော်၊ သံဃာ(၅၀ဝ)ကျော်အထိ တိုးပွားလာသည်။ ထိုကာလအတွင်း ကျောင်းနေ သံဃာတို့ကို နေ့စဉ်တစ်နေ့လျှင် စာ(၃)ဝါပို့ချပေးပြီး စာပေကျမ်းဂန်များလည်း ဆက်လက်ပြုစုသည်။ မဟာဂန္ဓာရုံတိုက်တွင် ငယ်ရွယ်သော သာမဏေများ၊ ရဟန်းများကို ရွေးချယ်လက်ခံပြီး စနစ်တကျပြုပြင်သည်။ စည်းကမ်းချက်များကို တိတိကျကျ ချမှတ်အကောင်အထည်ဖော်သည်။ မိမိကိုယ်တိုင် ဝိနည်းနှင့်အညီကျင့်သုံးပြီး ကျောင်းနေသံဃာများကိုလည်း တိတိကျကျကျင့်သုံးလိုက်နာတတ်အောင် ကြပ်မတ်ဆောင်ရွက်ခဲ့သည်။ မည်မျှစာတတ်စေ စိတ်ကောင်းမရှိလျှင် သာသနာ့အကျိုး မဆောင်ရွက်နှိုင်ဟုခံယူကာ စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ၊ စာတတ်ဖို့ကဒဿမစသည်ဖြင့် အရေးပါမှုအတိုင်းအတာအလိုက်မူချ ကြပ်မတ်ခဲ့သည်။ ထို့ကြောင့် စံပြကျောင်း အဖြစ်ထင်ရှားလာခဲ့သည်။ မန္တလေးပရိယတ္တိသာသနာ့ဟိတအသင်းကြီးအတွက် သာမဏေစာတော်ပြန်ပွဲ စီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော်ခဲ့သည်။ ကျောင်းများတွင် ဗုဒ္ဓဘာသာသင်ခဏ်းစာများ သင်ကြားပေးရေးအစီအစဉ်အရ (နိုင်ငံတော်အစိုးရက တာဝန်ပေးအပ်သဖြင့်) မူလတန်းများအတွက်ဗုဒ္ဓဘာသာလက်စွဲ သင်ခန်းစာများပြုစုခဲ့သည်။ ထို့ပြင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)က ဖွင့်လှစ်မည့် ဗုဒ္ဓဘာသာ အခြေခံသင်တန်းကျောင်း များအတွက်လည်း ဗုဒ္ဓဘာသာသင်ခန်းစာများ အမည်ဖြင့် သူငယ်တန်းမှ ဒဿမတန်းအထိရေးသားပြုစုပေးခဲ့သည်။

၁၃၁၂ ခု လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်အစိုးရက ပထမဆုံးဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ခံယူရရှိသည်။ ၁၃၁၅ ခု ဆဋ္ဌသင်္ဂါယနာတင်ပွဲ၌ ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယက၊ ဆဋ္ဌသံဂီတိဘာရနိတ္တာရက၊ ဆဋ္ဌသံဂီတိပါဠိပဋိဝိသောဓက၊ ဆဋ္ဌသံဂီတိဩသာနသော ဇေယျပတ္ထပါဌက အဖြစ်တင်မြှောက်ခြင်းခံရသည်။ ၁၃၂၆ ခုတွင် မှော်ဘီသာသနာသန့်ရှင်းပြန့်ပွားရေးအစည်းအဝေး၏ ဦးဆောင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ရသည်။ ၁၃၃၇ ခု ပဲခူးမြို့၌ကျင်းပသော ရွှေကျင်နိကာယ (၁၁) ကြိမ်မြောက် ဂိုဏ်းလုံးကျွတ် အစည်းအဝေးမှ တွဲဖက်သာသနာပိုင် (ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌအဖြစ်)တင်မြှောက်ခြင်းခံရသည်။ ဆရာတော်သည် ကျမ်းပေါင်း(၆၃)ကျမ်းရေးသား ပြုစုခဲ့ရာ သင်္ဂြိုဟ်ဘာသာဋီကာ၊ ရူပသိဒ္ဓိဘာသာဋီကာ စသည်ဖြင့် ဘာသာဋီကာအမည်တပ်သော ကျမ်းအများအပြားပါဝင် ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ဘာသာသွေး၊ အနာဂတ်သာသနာ၊ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ စသည်တို့သည် ထင်ရှား၏။ ပျံလွန်တော်မူကာနီး(၂)ရက်အလိုတွင်သုတ်မဟာဝါဘာသာဋီကာကျမ်းကို အဆုံးသတ်ခဲ့သည်။ ပျံလွန်တော်မမူမီ (၁၃)ရက်အလိုတွင် မိမိ၏ ထေရုပ္ပတ္တိကို တစ်ဘဝသံသရာအမည်ဖြင့် ရေးသားပြုစုခဲ့သည်။ ၁၃၃၉ ခု နတ်တော်လပြည့်ကျော်(၂)ရက် (၁၉၇၇-ဒီဇင်ဘာ-၂၇-ရက်) အင်္ဂါနေ့ညနေ ၄ နာရီ ၃၀ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူမည့် နေ့လယ်အထိ သုတ်ပါထေယျ အဌကထာကို စာချပေးခဲ့၏။

ဆရာတော်သည် ၁၃၃၉ ခုနှစ် နတ်တော်လပြည့်ကျော် ၂ ရက်နေ့ (၁၉၇၇ ခုနှစ် ဒီဇင်ဘာ ၂၇)တွင် ပျံလွန်တော်မူခဲ့သည်။

ထင်ရှားသော ကျမ်းဂန်စာအုပ်များ(အချို့)

အခြေပြုသင်္ဂြိုဟ်

အခြေပြုသဒ္ဒါ

သင်္ဂြိုဟ်ဘာသာဋီကာ

အနာဂတ်သာသနာရေး

ကိုယ်ကျင့်အဘိဓမ္မာ

ရတနာ့ဂုဏ်ရည်

ဗုဒ္ဓဘာသာသင်ခန်းစာများ(၉)တွဲ

ဘာသာသွေး

သုတ်မဟာဝါ-ဘာသာဋီကာ

ဘာသာရေး ပြဿနာများ

ရုပ်ပုံရှင်ကျင့်ဝတ်

လူချမ်းသာ

ဗုဒ္ဓါနုဿတိဘာဝနာ

နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ

တစ်ဘဝသံသရာ(ကိုယ်တိုင်ရေးထေရုပ္ပတ္တိ)

ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် တရားတော်

အခြေပြု ပဌာန်း

သိပ္ပံအမြင်နှင့်ဗုဒ္ဓအဘိဓမ္မာအဖြေများ

ဘုရားဥပဒေတော်ကြီး