ကမ်းနားဟိုတယ် (The Strand Hotel)

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ အမှတ် ၉၂ တွင် တည်ရှိသော ကမ်းနားဟိုတယ် (The Strand Hotel) သည် အရှေ့တောင်အာရှ၏ ထိပ်တန်း ဇိမ်ခံဟိုတယ်များထဲမှ တစ်ခုအပါ အဝင်အဖြစ် သတ်မှတ်ထားခံရပြီး မြန်မာနိုင်ငံ၌ ၁၈၉၂ တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၀၁ ၌ စတင်ဖွင့်လှစ်ခဲ့သည်။ စထရင်းဟိုတယ်ကို နာမည်ကျော် အာမေးနီးယန်း ဟိုတယ် လုပ်ငန်းရှင် ညီအကိုများက တည်ထောင်ခဲ့ပြီး၊ ရန်ကုန်မြစ်ကို လှမ်းမြင်ရသည့် ၁၂ခန်းပါ တည်းခိုခန်းတစ်ခုကို ပြန်လည်ပြင်ဆင်၍ ဟိုတယ်ဖွင့်ရန် ကာလအတော်ကြာ ညှိနှိုင်းခဲ့ပြီးနောက် ၁၉၀၁ခုနှစ်တွင် စထရင်းဟိုတယ်အဖြစ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် စထရင်းဟိုတယ် တည်ဆောက် ထားသော မြေနေရာကို စတီးဘုရားသား ကုမ္ပဏီက ရူပီး ၁၀.၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း၊ ၁၉၉၀ တွင် မြန်မာအစိုးရနှင့် အင်ဒိုနီးရှားဟိုတယ် လုပ်ငန်းရှင် Adrian Zecha တို့၏ အကျိုးတူ ဆောင်ရွက်မှုဖြင့် ဟိုတယ်ကို ၃ နှစ်ကြာ ပြင်ဆင်ခဲ့ပြီး၊ လက်ရှိတွင် စထရင်းဟိုတယ်ကို မြန်မာအစိုးရနှင့် Strand Hotel International တို့အကြား အကျိုးတူဖွဲ့စည်းထားသည့် Myanmar Hotels International (MHI) က စီမံခန့်ခွဲလျက်ရှိကြောင်း သိရသည်။ The Strand Hotel သည် အထပ် သုံးထပ်ပါရှိ၍ တည်းခိုနိုင် ရန် အခန်းပေါင်း ၃၁ ခန်းပါဝင်ပြီး လူဦးရေ ၆၀ မှ ၇၀ ဦးကြားအထိ တစ်ပြိုင်နက်တည်းခိုအနားယူနိုင် ကာ မြန်မာနိုင်ငံ၏ သက်တမ်းရှည် ဟိုတယ်တစ်ခုဖြစ်ပြီး ၁၉၉၃ တွင် ကမ္ဘာ့အကျော်ကြားဆုံးဟိုတယ်များစာရင်း၌ ပါဝင်ခဲ့သည်။ ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် The Strand Hotel အား (၂၇) ခုမြောက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံအထိမ်းအမှတ် အပြာရောင် ကမ္ဗည်းပြားတပ်ဆင်ခဲ့ပါသည်။