ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန် ပွင့်ဖြူမြို့နယ်မှ ကြက်ခြေနီစေတနာ့ဝန်ထမ်းခြောက်ဦး စေလွှတ်

Listing Description

ပွင့်ဖြူ နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့ဝန်ထမ်း ခြောက်ဦးသည် ရန်ကုန် တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ယနေ့တွင် ပွင့်ဖြူမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်ထံမှ သိရသည်။

နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကင်းဝေးစေရန်နှင့် ကာကွယ်ထိန်းချုပ် မှုများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် မြန်မာ နိုင်ငံကြက်ခြေနီအသင်း၏ တာဝန်ပေးချက်အရ မကွေးတိုင်း ဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှု ဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် တာဝန်ထမ်းဆောင် ရန်အတွက် ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

“ ရန်ကုန်တိုင်းဒေသကြီးကို သွားရောက်တဲ့အခါမှာ မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီကဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ စာရင်းကောက်ယူထားတဲ့ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ကြက်ခြေနီစေတနာ့ဝန်ထမ်း ခြောက်ဦး အပါအဝင် ကြက်ခြေနီစေတနာ့ဝန်ထမ်း စုစုပေါင်း ၃၉ ဦး စေလွှတ်မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကို ယနေ့မှ စပြီး လေးပတ်တိတိ တာဝန်ထမ်းဆောင်သွားကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်အနေနဲ့ ကြက်ခြေနီ စေတနာ့ဝန်ထမ်း ခြောက်ယောက်ကို အစစအရာရာ အဆင်ပြေစေရေး အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲနဲ့ မြို့နယ်အတွင်းမှာ ရှိတဲ့ ရပ်/ကျေး ကြက်ခြေနီအသင်းခွဲငယ်များက ဝိုင်းဝန်း ပြီးတော့ ထောက်ပံ့ငွေနဲ့ စားသောက်ဖွယ်ရာ ပစ္စည်းများကို ကူညီထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကလည်း တစ်ဦးကို ငွေကျပ် နှစ်သိန်းစီ ထောက်ပံ့ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ အသင်းဝင်တစ်ဦး ဖြစ်သူ ကိုအေးမြတ်မင်းက ပြောပြသည်။

ရဲဝင်းနိုင်(ပြန်/ဆက်)