ဝင်းဦး (၁၉၃၅ - ၁၉၈၈)

Listing Description

ဝင်းဦးကို သမိုင်းအငြိမ်းစားပါမောက္ခ ဦးဘညွန့် (ခေတ်ဟောင်းတေးဂီတသမိုင်းတွင်ထင်ရှားသည့် ချစ်ဒုက္ခသီချင်းသီဆိုသူ) နှင့် ဒေါ်နှင်းရီ (မင်နီဘခက်)တို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်မှာ ဘိုနီဖြစ်သည်။ မွေးချင်းငါးဦးအနက် တတိယမြောက်ဖြစ်သည်။

ဝင်းဦးသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ တီတီစီလေ့ကျင့်ရေးကျောင်းတွင် ပညာကို စတင်သင်ယူခဲ့သည်။ တီတီစီကျောင်းမှာပင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားရာ ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မသင်ဘဲ ဗိုလ်သင်တန်းအပတ်စဉ်(၈)ကို တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၂ ခုနှစ်တွင် ဗိုလ်ကိုဦး အမည်ဖြင့် တပ်မတော် (ကြည်း) ၌ တာဝန်ထမ်းဆောင်ခဲ့သည်။

တပ်မဟာ(၅)နှင့် တပ်ရင်း(၇)တို့)တွင် အမှုထမ်းခဲ့သည်။ ယင်းကဲ့သို့ အမှုထမ်းနေစဉ်အတွင်း မှော်ဘီမြို့ရှိ ကြည်း၊ ရေ၊ လေ၊ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ပြီး ၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံသို့ လေထီးပညာရပ်များ သွားရောက် သင်ကြားခဲ့သည်။ ပြန်လည်ရောက်ရှိလာသောအခါ မှော်ဘီလေထီးသင်တန်းကျောင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။

မင်းထင်ရွှေမှန် ရာဇဝင်ဇာတ်ကား ဇာတ်ညွှန်းရေးသားရာမှ အစပြုကာ စာပေလောကမှ ရုပ်ရှင်လောကသို့ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ ဝင်းဦး၏ ပွဲဦးထွက်ဇာတ်ကားမှာ ရှုမဝ မဂ္ဂဇင်းတွင် သူကိုယ်တိုင်ရေးသားထားသည့် နှစ်ယောက်ထဲနေချင်တယ် ဝတ္ထုရှည်ကို မင်းသမီး တင်တင်မူနှင့်အတူ ဇာတ်ကား အဖြစ် ပုံဖော်ခဲ့သည့် ဇာတ်ကားဖြစ်သည်။

ထို့နောက် အခြားသောရုပ်ရှင်ကုမ္ပဏီများအတွက် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး "စန္ဒာ" ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီကိုလည်း တည်ထောင်ခဲ့သည်။ ဝင်းဦးကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သော ဆောင်းအိပ်မက် ဇာတ်ကားတွင် နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုဖြင့် ၁၉၆၇ ခုနှစ်တွင် ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် အလားတူပင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည့် နာမည်ကျော် မှုံရွှေရည် ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီဆု ထပ်မံရရှိခဲ့ပြန်သည်။ ဝင်းဦး၏ အနုပညာ သက်တမ်းတလျှောက်တွင် အမျိုးသားဇာတ်ဆောင်ဆု နှစ်ကြိမ်၊ ဇာတ်ကားဆု နှစ်ကြိမ် ရရှိဆွတ်ခူးနိုင်ခဲ့သည်။ ဝင်းဦးရိုက်ကူးခဲ့သည့် ချစ်သူရွေးမယ်ချစ်ဝဲလယ် ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်လောက၏ပထမဆုံးသော ရှစ်ကိုယ်ခွဲ ဇာတ်ကား ဖြစ်သည်။

ပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးဇာတ်ကားအချို့မှာ မင်းသမီး တင်တင်မူနှင့် နှစ်ယောက်ထဲ နေချင်တယ်၊ ခင်သန်းနုနှင့် မှုံရွှေရည်၊ မောင်တို့ချယ်ရီမြေနှင့် ကျောက်မဲအကျဉ်းသား မြင့်မြင့်ခင်နှင့် တိမ်လွှာမို့မိုလွင်၊ စန္ဒာနှင့် မင်း ဘယ်ပြေးမလဲ မိချိုသဲ၊ တင်တင်အေး၊ အေးအေးသင်းတို့နှင့် ဆောင်းအိပ်မက်၊ ချစ်စပယ်နှင့် မောင့်အချစ်တော်၊ ကောလိပ်ဂျင်နေဝင်း၊ ခင်သန်းနုတို့နှင့် သိုး၊ မင်းသမီးချိုပြုံး၊ တင်တင်မြ တို့နှင့် တကျော့နှစ်ကျော့ တေးကိုသီ၊ မင်းသမီးမပါပဲရိုက်ကူးခဲ့သည့် အတွယ်အတာ နှင့် နောက်ဆုံးရိုက်ကူးခဲ့သည့် ခိုင်မာလာနှင်းဆီ ဇာတ်ကားတို့မှာ အထူးထင်ရှားခဲ့သည်။

အဆိုတော်ဘဝကို အစပြုခဲ့သည့် သီချင်းမှာ "တေလေငှက်"ဖြစ်ပြီး ယင်းသီချင်းကို "ချစ်သောသူတစ်ယောက်"ဇာတ်ကားတွင် ကိုယ်တိုင်သီဆိုသရုပ်ဆောင်ခဲ့သည်။

ကျောင်းသား ဘဝကပင် သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင် ကလောင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ တက္ကသိုလ် ကျောင်းသားတစ်ဦး မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကို ဝင်းဦး ကလောင်အမည်ဖြင့်ရေးသားခဲ့သည်။ ဝင်းဦး ဆိုသော အမည်သည် ယင်း ဝတ္ထုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တစ်နိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင် ဖြစ်သည်။

ထို့ပြင် စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးသော ရောင်စုံအော့ဖ်ဆက် နည်းဖြင့် ထုတ်လုပ်သည့် ပထမဆုံးသော "စန္ဒာ"ပုဂ္ဂလိက ရောင်စုံမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ထိုမဂ္ဂဇင်းတွင် ဝင်းဦးသည် ခင်မောင်ဝင့်အမည်ဖြင့် ကမ္ဘာ့ရုပ်ရှင်လောကနှင့် မြန်မာ့ရုပ်ရှင်လောကအကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ကလောင်အမည်ခွဲများမှာ ညိုမင်းလွင်၊ ခင်မောင်ဝင့်၊ မိုးကျော်ခေါင် နှင့် ကိုဦးတို့ ဖြစ်သည်။

၁၉၈၈ခုနှစ် ဧပြီလတွင် အူမကြီးကင်ဆာကြောင့် ဗြိတိန်သို့ ဆေးသွားကု၍ ပြန်လာခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ အပြီးမသတ်ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည်။