(၉၆) နှစ်ပြည့် မန္တလေးတက္ကသိုလ် ပင်မအဆောက်အအုံ

Listing Description

ဆူးငှက်

မန္တလေးတက္ကသိုလ်၏ အမှတ်လက္ခဏာဖြစ်သော တိုင်လုံးကြီးခြောက်လုံးနှင့် ပင်မအဆောက်အအုံကြီးမှာ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ၉၆ နှစ် ပြည့်ပါပြီ။

စိုက်ပျိုးရေးသိပ္ပံကို တည်ထောင်ဖွင့်လှစ်ရာတွင်

တကယ်တော့ ၁၉၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် မန္တလေးဥပစာကောလိပ်ကို စတင်ဖွင့်လှစ်သောအခါ ယခုပင်မ အဆောက်အအုံကြီးသည် ဥပစာကောလိပ်နှင့် မသက်ဆိုင် ခဲ့ပေ။ ပထမကမ္ဘာစစ်ကြီးကာလအတွင်းက မိမိ၏ ကိုလိုနီနိုင်ငံဖြစ်သော မြန်မာပြည်၏ အထွက်ကောင်း ဈေးကောင်းရခဲ့သော ဆန်စပါးထုတ်ကုန်က စစ်စရိတ် အတွက် ကြီးမားသောအထောက်အကူ ဖြစ်ခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရက မြန်မာ့ဆန်စပါးစိုက်ပျိုးရေး အတွက် မန္တလေးတွင် စိုက်ပျိုးရေးသိပ္ပံကိုတည်ထောင်ဖွင့်လှစ်ရာတွင် ထိုအဆောက် အအုံကြီးက အဓိက ပါဝင် ခဲ့သည်။ အဆောက်အအုံကို ၁၉၂၁ ခုနှစ် သြဂုတ် ၂၉ ရက် တွင် မြန်မာပြည်ဘုရင်ခံ ဆာရီဂျင်နယ်ဟင်နရီကရက်ဒေါက် က အုတ်မြစ်ချပေးခဲ့သည်။

အုတ်မြစ်ချသည့် ကျောက်စာကမ္ပည်း

ထိုမှတ်တမ်းကို အဆောက်အအုံကြီး၏ မြောက်ဘက် အဝင်ပေါက်၏ ညာဘက်အောက်ခြေတွင် -

This stone was laid

By the Honourable

Sir Reginald Henry

Craddock, K.C.S.I.,

Lieut. Governor

of Burma on the 29thDay of August 1921.

ဟု အုတ်မြစ်ချသည့် ကျောက်စာကမ္ပည်း ရေးထိုးထား သည်ကို လေ့လာနိုင်ပါသည်။

ဖွင့်လှစ်သည့် ကျောက်စာကမ္ပည်း

အဆောက်အအုံကြီးကို အုတ်မြစ်ချပြီးနောက် သုံးနှစ် အကြာ ၁၉၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာပြည် ဘုရင်ခံချုပ် ဆာစပင်ဆာဟာကုတ်ဘက်တလာက ဖွင့်လှစ်ပေးခဲ့ပါ၏။ ထိုမှတ်တမ်းကို မြောက်ဘက် အဝင် ပေါက်အထက်ထုတ်တမ်းတွင် -

This Building was opened by

His Excellency Sir Spencer Harcourt Buttler, GCIE, KCSI,

Governor of Burma, on the 22nd Day 0f December 1924.

ဟု ဖွင့်လှစ်သည့် ကျောက်စာကမ္ပည်း ထိုးထားပါသည်။ အဆိုပါအဆောက်အအုံကို ငွေဒင်္ဂါး ၁၂ သိန်း အကုန်အကျခံတည်ဆောက်ခဲ့သည်ဟု မှတ်သားရသည်။

အင်္ဂလိပ်အစိုးရက စိုက်ပျိုးရေးသိပ္ပံကိုတည်ထောင်ခြင်း နှင့်အတူ အမှုထမ်းအဆင့်အလိုက် နယ်မြေရပ်ကွက်ကိုပါ ဖွဲ့စည်းခဲ့သည်။ ရာထူးအကြီးအသေးအလိုက် အင်ပီရီယယ် ကွာတား (ImperialQr)၊ အေဒီအေကွာတား (ADA– Assistant Director of AgricultureQr)၊ အက်အေအေ ကွာတား (SAA–Senior Agricultural Assistant Qr) နှင့် ဂျေအေအေကွာတား (Junior Agricultural Assistant Qr)ဟူ၍ဖြစ်သည်။

မန္တလေးမြို့တွင် ဥပစာကောလိပ်ဖွင့်လှစ်ပေးရန်

၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီး စတင် ပေါ်ပေါက်လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊ အမျိုးသား ကောလိပ်နှင့် အမျိုးသားပညာရေးတောင်းဆိုမှုများနှင့်အတူ အထက်ဗမာပြည် မန္တလေးမြို့တွင်လည်း ဥပစာ ကောလိပ်တစ်ကျောင်းဖွင့်လှစ်ပေးရန် မန္တလေးမြို့မိမြို့ဖ များဖြစ်သည့် ဗဟိုစည်ဦးဘဦး၊ ကျောက်စာဝန်တော်စိန်ခို နှင့် ရသေ့ကြီးဦးခန္တီတို့နှင့်အတူ ဗဟိုအမျိုးသားကျောင်း ဆရာကြီး ဦးရာဇတ်တို့ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြသည်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက် လျောလျှင်လည်း မန္တလေးမြို့လူထုအနေနှင့် ကိုယ့်အလှူ ငွေနှင့်ကိုယ်၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင် ဖွင့်ကြမည်ဟု တင်ပြကြသည်။ နိုင်ငံရေးမျက်နှာစာမှာ လည်း ဂျီစီဘီအေဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆိုကြ သည်။

တစ်ဆက်တည်း ဝံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီတွင် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ရေးဥပဒေအကြမ်းတင်ခဲ့၏။ ပထမ အဆင့်အနေနှင့် ၁၉၂၄ ခု ဧပြီလတွင် အစိုးရက ဥပဒေကို ပြင်ဆင်ရန်အတည်ပြုပေးခဲ့ရသည်။ ထို့အပြင် ၁၉၂၄ ခု ပြင်ဆင်ချက်ဥပဒေအရ အထက်ဗမာပြည်တွင် ဥပစာ ကောလိပ် စတင်ဖွင့်လှစ်ရန် ကော်မတီဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့် အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့ တောင်ပြင်ဗောဓိကုန်းရပ်ကွက်တွင်ရှိသော စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်းက တစ်ထပ်အုတ်တိုက်နီကလေးမှာ ၁၉၂၅ ဇူလိုင် ၄ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မန္တလေးဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်ဖို့

မန္တလေးဥပစာကောလိပ်ကို စိုက်ပျိုးရေးသိပ္ပံကျောင်း ဝင်းအတွင်း အခက်အခဲအမျိုးမျိုးကြားမှ ချို့တဲ့စွာ ဖွင့်လှစ် ခဲ့ပြီးနောက် ၁၉၄၂ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်မီးတောက် လောင်သောအခါ ဥပစာကောလိပ်ကိုလည်း ပိတ်လိုက်ရ သည်။ စစ်ကြီးပြီးသောအခါ မန္တလေးဥပစာကောလိပ်ပြန်ဖွင့်လှစ်နိုင်ရေးကို ဆရာကြီးဦးရာဇာတ်နှင့် ဆရာဦးကို လေး (ဇေယျာမောင်) တို့က ပြန်လည်ဦးဆောင် ဆောင်ရွက် ကြသည်။ စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် သော ဖဆပလအစိုးရအဖွဲ့တွင် ဆရာကြီးဦးရာဇာတ်က ဝန်ကြီးတာဝန်အယူ ရန်ကုန်ရောက်စဉ် မန္တလေးဥပစာ ကောလိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေးနှင့် ထပ်မံကြိုးစားကြပြန်၏။ ထို့ကြောင့် ၁၉၄၇ ခု မေလ ၂၉ ရက်တွင် ဆရာဦးကိုလေး (ဇေယျာမောင်) ကို ကျောင်းအုပ် ကြီးအဖြစ်ခန့်အပ်ကာ မန္တလေးဥပစာကောလိပ် ပြန်လည် ဖွင့်လှစ်ဖို့ တာဝန်ပေးလိုက်သည်။

စိုက်ပျိုးရေးသိပ္ပံပင်မဆောင်ကြီးကို

ဥပစာကောလိပ်ကအသုံးပြုရန်

ဆရာဦးကိုလေး(ဇေယျာမောင်) လည်း ကျောင်းအုပ်ကြီးတာဝန်ဖြင့် စစ်ကြီးကြောင့် ပျက်စီးသွားသော ပရိဘောဂ များ၊ ကျောင်းဆောင်များ ပြန်လည်ရရှိရေးကို အခက်အခဲ အမျိုးမျိုးကြားမှ ကြိုးစားမှုကြောင့် စစ်ကြီးအတွင်းစစ်ဘက်ကကြေးနန်းဌာနအဖြစ် သိမ်းယူထားသော စိုက်ပျိုးရေးသိပ္ပံက ရတနာပုံအဆောင်နှင့် စစ်ဘက်က ဆေးရုံအဖြစ်သိမ်းယူထားသော စိုက်ပျိုးရေးသိပ္ပံပင်မ ဆောင်ကြီးကို ဥပစာကောလိပ်ကအသုံးပြုရန် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ရရှိခဲ့သည်။ ရတနာပုံအဆောင် ကို ကျောင်းသားအိပ်ဆောင်အဖြစ် အသုံးပြုပြီး ပင်မဆောင် ကြီးကို စိုက်ပျိုးရေးဌာနနှင့် ညှိနှိုင်းကာ ပင်မဆောင်၏ အပေါ်နှစ်ထပ်ကို ကောလိပ်ကျောင်းအဖြစ်နှင့် အောက်ဆုံး မြေအောက်ထပ်ကို စိုက်ပျိုးရေးဌာနကရုံးအဖြစ် အသုံးပြု ခဲ့သည်။

ခံ့ညားထည်ဝါလှသည့် ပင်မအဆောက်အအုံကြီးတွင်

ဤသို့ဖြင့် ၁၉၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် စိုက်ပျိုးရေး သိပ္ပံဝင်းအတွင်းရှိ တစ်ထပ်အုတ်တိုက်နီကလေး၌ ကျောင်းသူ ကျောင်းသား ၃၁ ဦးနှင့် ချို့တဲ့ခက်ခဲစွာ ဖွင့်လှစ်ခဲ့ရသော မန္တလေးဥပစာကောလိပ်သည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် စိုက်ပျိုးရေးသိပ္ပံထံက လွှဲပြောင်း ရယူခဲ့သော ခံ့ညားထည်ဝါလှသည့် ပင်မအဆောက်အအုံ ကြီးတွင် မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် ကျောင်းသူ ကျောင်းသား ၁၂၇ ယောက်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့ကြောင့် ယခုမန္တလေးတက္ကသိုလ်သည် ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နှစ် ၁၀၀ ပြည့်မည်ဖြစ်ပြီး မန္တလေး တက္ကသိုလ်၏ ပင်မအဆောက်အအုံကြီးကမူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် နှစ် ၁၀၀ ပြည့်မည်ဖြစ်ပါကြောင်း။