ဦးကြည် (သစ္စာဒီပက - မူလဓမ္မာစရိယ) (၁၉၁၆-၁၉၉၇)

Listing Description

ဦးကြည်သည် သစ္စာဒီပက ဝိပဿနာအဖွဲ့ကို တည်ထောင်ခဲ့သည့် သာသနာပြု လူပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဆရာသည် ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် စာအုပ်များ၊ တရားဓမ္မများကို ဟောပြောပြသခြင်း စသည့် သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

ဦးကြည်ကို ၁၂၇၈ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ ကြာသပေတေးနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဘုရားပြိုရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဉာဏ်ပညာထက်မြက်သဖြင့် “မောင်ဉာဏ်” ဟု ခေါ်ခဲ့သည်။ သားသမီးလေးယောက်ရှိသည့်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ဆရာ၏ မိဘနှစ်ပါးမှာ အဖ ဦးဖိုးဆိုင်နှင့် အမိ ဒေါ်သွယ်တို့ ဖြစ်ကြသည်။

အသက် ၅ နှစ်အရွယ်တွင် ရွာရှိ အစိုးရစာသင်ကျောင်း၌ စာပေများ သင်ကြားခဲ့သည်။ ထို့နောက် အသက် ၁၂ နှစ်အရွယ်တွင် အင်္ဂလိပ် - မြန်မာ သတ္တမတန်းကို အောင်မြင်ခဲ့သည်။ ရွာ၏ မြောက်ဘက်ကျောင်းကြီးတွင် မိဘများ၏ ပစ္စယာနုဂ္ဂဟဖြင့် ဆရာတော်ဦးအာဒိစ္စကို ဥပဇ္ဈာယ်ပြု၍ “အရှင်ပဏ္ဍိစ္စ” ဘွဲ့ဖြင့် သာမဏေပြုခဲ့သည်။ ထို့နောက်တွင် စာပေပရိယတ္တိများကို အပတ်တကုတ် လေ့လာသင်ယူခဲ့သည်။

၁၂၉၈ ခုနှစ်တွင် ရဟန်းဒါယကာ ဦးစိန်ဝင်း+ဒေါ်အေးခင်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဝေါမြို့၊ ကြုံတူစာသင်တိုက်ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ ၁၃၀၀ ပြည့်နှစ်၊ နယုန်လတွင် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက် ဆရာတော်များ ဖြစ်သည့် အရှင်ကောဏ္ဍည၊ အရှင်ကောသလ္လ၊ အရှင်ရာဇိန္ဒတို့ထံတွင် သင်ရိုးပါဠိတော်၊ အဌကထာဋီကာများ ပေါက်သည်အထိ သင်ယူခဲ့သည်။

ဝေါမြို့၊ ကြုံတူစာသင်တိုက်၊ ခရမ်းမြို့ ဘုန်းတော်ကြီးကျောင်းတိုက်တို့တွင် စာချဆရာတော်အဖြစ် စာပေပရိယတ္တိများ ပို့ချပေးခဲ့သည်။ ထို့နောက်တွင် ဖခင်ဖြစ်သူ ကွယ်လွန်အနိစ္စရောက်ခဲ့သဖြင့် မိခင်အား ပြုစုစောင့်ရှောက်ရန် လူဝတ်လဲခဲ့သည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပြီးစတွင် ရန်ကုန်မြို့၊ စမ်းချောင်းဆီဆုံလမ်းတွင် နေထိုင်ကာ အစိုးရစာပုံနှိပ်တိုက်၊ မြန်မာ့အလင်းသတင်းစာတိုက်တို့တွင် လက်ထောက်စာပြင်ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

၁၃၀၆ ခုနှစ်တွင် ကြည့်မြင်တိုင်၊ ကွမ်းရွဲတန်း နေလဝိဇ္ဇာဓာတ်ဆရာကြီး ဦးဘခိုင်ထံတွင် ဆေးပညာသင်ယူ၍ စမ်းချောင်း၊ ပဒုမ္မာလမ်း၌ လောကဓာတ်ဆေးတိုက်အမည်ဖြင့် ကိုယ်ပိုင်ဆေးတိုက် တည်ထောင်ကာ ကုသိုလ်ဖြစ် ဆေးကုခဲ့သည်။

၁၃၁၀ ခုနှစ်တွင် ဟံသာဝတီကမ္မဋ္ဌာန်းတိုက်ဆရာကြီး ဆရာညိုထံ၌ တရားအားထုတ်ခဲ့သည်။ ဆရာကြီး ဦးဘခင်၊ ဦးစံသိန်း (ယူအီအေ) တို့နှင့်အတူ ဗုဒ္ဓသာသနာ ပဋိပတ္တိအဖွဲ့ကြီးကို တည်ထောင်ဖွဲ့စည်း၍ ဉာဏစာဂီဆရာတော်ဘုရားကြီးကို ပင့်ကာ စာပေဆွေးနွေးခြင်း၊ လုပ်ငန်းလက်ခံကျင့်သုံးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

၁၃၀၃ ခုနှစ်တွင် မိခင်နှင့်အတူ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ လိုက်ပါသွားပြီး တရားဆွေးနွေးကြရင်းမှ အများ၏ ဆန္ဒအရ တရားဟောပြောပေးပါရန် တောင်းပန်မှုကြောင့် သီရိမင်္ဂလာ တောင်အနီး (၃) ဧကခန့်ကျယ်သော ကျွန်းတောကြီးတွင် အသောကာရာမဝိပဿနာတိုက်ကို တည်ထောင်၍ ကမ္မဋ္ဌာန်းတရား ပြသခဲ့သည်။

ကယားပြည်နယ်အတွင်း လှည့်လည်ဟောပြောရင်း ၁၃၂၁ ခုနှစ်တွင် ရန်ကုန်မြို့ ပြည်လမ်း၊ လယ်တီမူဝိပဿနာကမ္မဋ္ဌာန်းတိုက် ဆရာတော် ဦးဇာဂရ၏ ဖိတ်ခေါ်ချက်အရ ယင်းကျောင်းတိုက်တွင် ဆက်လက်ပြသခဲ့သည်။

ဆရာကြီးသည် ၁၃၂၂ ခုနှစ်တွင် ဒေါ်မြကြည့်နှင့် အိမ်ထောင်ပြုခဲ့သည်။ ထို့နောက်တွင် မိမိနေထိုင်ရာ ရန်ကုန်မြို့၊ စမ်းချောင်း၊ လင်းလွန်းရပ်ကွက်ရှိ ကိုးနဝင်းကပ်ကျော်စေတီတော်ဘုရားတန်ဆောင်းတွင် ဂေါပကအဖွဲ့၏ တောင်းပန်ချက်အရ ဝါတွင်း - ဝါပဥပုသ်နေ့ ညတိုင်းတရားပြသခဲ့သည်။ ဆက်လက်၍ တာမွေ၊ မလွှကုန်း၊ အောင်တော်မူစေတီဓမ္မာရုံတွင် နာယကကြီး ဦးထွန်း (နဝဒေးပုံနှိပ်တိုက်) - ဒေါ်သန်းသန်း၊ ဦးလှဖေနှင့် ကန်တော်ကြီး သိန်းဆုဌာနနှင့် သစ္စာပန်းမသိန်း ဆေးလိပ်ခုံပိုင်ရှင် ဒေါ်သိန်းနှင့် ဒေါ်သန်း စသည့် ယောဂီများ၏ တောင်းပန်ချက်အရ အပတ်စဉ်တရားပွဲများ ဟောကြားပြသခဲ့သည်။

ဆရာကြီးသည် လှည့်လည်ကာ တရားဟောပြောပြသရင်းမှ မဇ္ဈိမပဋိပဒါလမ်းကြောင်း လုပ်ငန်းလုပ်ကွက်ကို အဓိကထား၍ ပရမတ်ကို တိုက်ရိုက်ကြည့်ရှုသော ဓမ္မာနုပဿနာပသတိပဋ္ဌာန်ကို ပင်ရင်းဌာနတစ်ခုအနေဖြင့် အဓိကဟောပြောပြသလိုခဲ့သည်။ ထို့ကြောင့် သစ္စာ - အမှန်တရားတည်းဟူသော ခန္ဓာကိုယ်၏ ပရမတ္ထတရားတော်ကို၊ ဒီပက - တိကျစွာ ဖွင့်ထုတ်ပြသခြင်းဟူသော ဗျုပ္ပတ်အတိုင်း “သစ္စာဒီပကဝိပဿနာအဖွဲ့ချုပ်” ဟူသော အမည်ဖြင့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗားကရာရွှေတောင်တိုက်သစ်ကျောင်း ဆရာတော် ဦးသာဂရ၏ ခွင့်ပြုချက်အရ ၎င်းကျောင်းတိုက်တွင် ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလတွင် စတင်တည်ထောင်ကာ ဟောပြောပြသခဲ့သည်။ထို့အပြင် ဆရာကြီးသည် များစွာသော သာသနာပြုလုပ်ငန်းတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။

ဆရာကြီးသည် မိမိကိုယ်တိုင် သာသာနာပြုလုပ်ငန်းများ ဆောင်ရွက်နေသည့်ကြားမှပင် ဝိပဿနာအားထုတ်လိုသော ယောဂီများအတွက်လည်းကောင်း၊ တရာထူး တရားမြတ် ဓမ္မပီတိ - ဓမ္မရသာ ပွားများစိမ့်သောငှါ အချိန်ရခိုက် ကျမ်းစာအုပ် အမျိုးပေါင်း ၂၀ ကျော်၊ ဓမ္မဆောင်းပါး ၁၀၀ ကျော်၊ ဓမ္မသံဝေဂဆောင်ပုဒ်၊ လင်္ကာဆောင်ပုဒ်များ အများအပြား ရေးသားခဲ့သည်။

ဆရာ ဦးကြည်သည် ၁၅-၁-၁၉၉၇ (ဗုဒ္ဓဟူးနေ့) နံနက် ၅ နာရီအချိန်တွင် ကွယ်လွန်ခဲ့သည်။