ကသစ်ဝိုင်ဆရာတော်

Listing Description

ကသစ်ဝိုင်ဆရာတော်ဘုရားကြီး အလောင်းအလျာအား မြန်မာ သက္ကရာဇ် ၁၂၆၅ ခုနှစ် တပေါင်းလဆန်း ၁၀ ရက် ဗုဒ္ဓဟူးနေ့ မွန်းတည့် ၁၂ နာရီတွင် ပဲခူးခရိုင် ဝေါမြို့အပိုင် အဗျား အလယ်စုရွာ၌ လယ်ယာလုပ်ကိုင် အသက်မွေးကြသည့် အဖ (ခမည်းတော်) ဦးဘိုးကန်၊ အမိ (မယ်တော်) ဒေါ်စိမ်းရင်တို့က မွေးဖွားခဲ့သည်။ ဇာတာအမည်မှာ မောင်ရွှေဘ ဖြစ်သည်။ မွေးချင်း ၁၀ ဦးတွင် ပထမ နှစ်ဦးမှာ မွေးစကပင် ဆုံးပါး၍ ကျန် ၈ ဦးအနက် အကြီးဆုံးဖြစ်သည်။

ဆရာတော်လောင်းလျာအား မိခင် သန္ဓေတည်စဉ်က အလွန်မွှေးကြိုင် အရသာရှိလှသည့် ငှက်ပျောသီးကြီး တစ်လုံးအား စားသုံးရသည်ဟု အိပ်မက်မြင်မက်ခဲ့သည်။ ထိုသူငယ် မွေးစဉ်ကလည်း အရပ်လေးမျက်နှာမှ ကျီးအုပ်များ တခဲနက် ပြိုကျခြင်း၊ ၁၀ ရက်ခန့် ပျောက်ဆုံး နေသည့် ခြံပေါက်ကျွဲ ကြီး တစ်ကောင် အိမ်ခြံသို့ ပြန်လာခြင်း၊ အလွန်မွှေးကြိုင်သော ရနံ့တို့ကို ရှူရှိက်ကြရခြင်း၊ အရပ်ထဲတွင် ခါတိုင်း ဆူညံသံများ ထိုခဏ၌ တိတ်ဆိတ်နေခြင်း၊ အားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း စသည်ဖြင့် ထူးခြားခဲ့သည်။

၁၂၈၅ ခု တပေါင်းလဆန်း ၅ ရက်တွင် မိဘများက ရှင်ရေဝတအား ရဟန်းခံပေးခဲ့သည်။ အများအလယ်စုရွာ ရေသိမ်ဝယ် ကျိုက်ထို မရမ်းချိုဆရာတော်ကြီး အမှူးထား၍ ရဟန်းများစွာဖြင့် ဥပသမ္ပဒါကံဆောင်ခြင်း တစ်ကြိမ်၊ ညောင်လေးပင်မြို့ တောရကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသ ကြီးမှူး၍ တစ်ကြိမ် ရေသိမ်၌ နှစ်ကြိမ် ရဟန်းဘဝ တက်ရောက်ခဲ့သည်။ ဥပဇ္ဈာယ် ဆရာထံ၌ ရက်အနည်းငယ်နေပြီး ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ဆရာတော်များထံတွင် ပါဠိတော် အဌကထာ ဋီကာကျမ်းများကို သုံးနှစ်တိုင် သင်ယူဆည်းပူးခဲ့သည်။ ရဟန်းဝါ သုံးဝါအရတွင် ပခုက္ကူမြို့မှနေ၍ ပထမလတ်တန်း အောင်ခဲ့ပြီးနောက် မန္တလေးမြို့သို့ ပြောင်းကာ ရွှေရေးဆောင်တိုက် ဆရာတော် ဦးကြည်နှင့် ဦးပဏ္ဏဝတို့ထံတွင်လည်းကောင်း ဘုံကျော်တိုက်ဆရာတော် ဦးဃောသိတ ထံတွင်လည်းကောင်း ဘုရားကြီးတိုက် ဆရာတော် ဦးနာရဒနှင့် ဟံသာဝတီ ဆရာတော် ဦးဣန္ဒာသဘ တို့ထံတွင်လည်းကောင်း ပိဋကတ်တော် နေ့ဝါညဝါများ သင်ယူပြီး အမရပူရ ဆရာတော် အရှင် ဇနကာဘိဝံသထံ၌လည်း ညဝါ ယမိုက်ကျမ်းနှင့် ပဌာန်းကျမ်းများ သင်ယူခဲ့သည်။

ရဟန်း ၆ ဝါအရတွင် ပထမကြီးတန်းအောင်မြင်သည်။ မိဘများကလည်း ပစ္စည်းလေးပါး ဒါယကာ ခံ၍ လိုလေသေးမရှိ လှူဒါန်းခဲ့သည်။ ထို့နောက် ဝေါမြို့အနီး ကြုံတူကျောင်းတိုက်ကြီး၌ ခုနစ်ဝါမှ ၁၀ ဝါအထိ သုံးနှစ်တိုင် စာဝါပို့ချ ပေးခဲ့သည်။ ထို့နောက် ပြည်မြို့ တက္ကသိုလ်ကျောင်းတိုက်ကြီးသို့ ပြောင်းကာ ၁၀ ဝါမှ ၁၂ ဝါအထိ စာဝါပို့ချပေးခဲ့ပြန်သည်။ ၁၂ ဝါ ရောက်သည့်အခါ အထက်စု အဗျားရွာ မူလဥပဇ္ဈယ် ဆရာတော်က ပြန်ခေါ်ကာ ကျောင်းအပ်၍ ထိုကျောင်းတွင် သီတင်းသုံးကာ ၁၂ ဝါမှ ၂၂ ဝါအထိ ၁၀ နှစ်တိုင် နေ့ဝါ ညဝါများ ပို့ချပေးခဲ့ပြန်သည်။ စာပေပို့ချစဉ်က ဘုရားဂုဏ်တော် ၉ ပါး ဘုရား ရှိခိုး၊ တရားဂုဏ်တော် ၆ပါး ဘုရားရှိခိုး၊ သံဃာ့ ဂုဏ်တော် ၉ ပါး ဘုရားရှိခိုး တို့နှင့် သိေဿာဝါဒ သံပေါက်များ ရေးသား ပြုစုခဲ့သည်။ ထိုနောက် လှူပုံ လှူနည်း နိသျည်း၊ ပုဗ္ဗကိစ္စခန်း ကျမ်းစာများ ရေးသားပြုစုတော်မူခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ ဗုံးဒဏ်ကြောင့် ကျောင်းတိုက်ကြီး ပျက်စီးခဲ့ပြီး စာသင်သံဃာများလည်း နေရပ်ပြန်ခဲ့ကြရသည်။ ဥပဇ္ဈာယ် ဆရာတော်ကြီးအား ပြုစုစောင့်ရှောက်ရင်း ဆရာတော်ကြီး ပျံလွန်တော်မူသည့်အခါ တပည့်တစ်ဦးခေါ်ကာ သင်္ကန်းသုံးထည် သပိတ် တစ်လုံးဖြင့် ဖက္ကလိပ်ကျောင်းသို့ ကြွကာ မထင်မရှား သီတင်းသုံး နေထိုင်ပြီး ဝိပဿနာတရားများ အားထုတ် နေခဲ့သည်။ ထို့နောက် ဇာတိရွာပြန်ကာ မိဘ ဘိုးဘွား ဒါယကာ ဒါယကမများအား ကိုယ်တွေ့ညဏ်မြင် တရားများ ဟောပြော၍ တရားအားထုတ်စေခဲ့သည်။

ထိုသို့နေစဉ် ကသစ်ဝိုင်ကျောင်းဆရာတော် ဦးကုဏ္ဍလ ပျံလွန်၍ ထိုကျောင်းတွင် ကျောင်းထိုင် ပါရန် အများ၏ တင်လျှောက်ချက်အရ ကျောင်းထိုင်ခဲ့သည်။ သိက္ခာတော် ၂၄ ဝါမှ စ၍ အခြားမြို့ရွာများသို့ ကြွကာ တရားဓမ္မ ဟောကြားပြသခဲ့သည်။ ကသစ်ဝိုင် ကျောင်းတွင် ကျောင်းထိုင် ၁၉ ဝါအရ သက်တော် ၆၂ နှစ်၊ သိက္ခာတော် ၄၂ ဝါအရ မြန်မာသက္ကရာဇ် ၁၃၂၇ ခုနှစ် ပြာသိုလဆုတ် ၉ ရက် စနေနေ့ ၁၀ နာရီ ၅၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။