စုံလေးစုံစေတီတော်များ

Listing Description

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ သမိုင်းဝင်စေတီများဖြစ်သော ဖနုံးစုံစေတီ (သို့) အောင်စင်္ကြာစေတီ၊ ဘုတ်စုံစေတီ၊ ဗလပ်စုံစေတီနှင့် မဏိစုံစေတီတို့ ဖြစ်ပါသည်။

ဖနုံးစုံစေတီ (သို့မဟုတ်) အောင်စင်္ကြာစေတီသည် စန္ဒဝတ်ရွာတွင်တည်ရှိပြီး ၁၉၅၀ ခုနှစ် တပေါင်းလဆန်း ၆ ရက် အင်္ဂါနေ့တွင် စေတီတည်၍ပြီးသောအခါ ထိုစေတီကို နတ်စောင့်သည်ဆိုကာ ပရိဝါရနတ်ရုပ်တစ်ရုပ်ပါ ထုလုပ်ခဲ့သည်။ စေတီ၏ မုဒ်ပေါက်လိုဏ်ဂူများကို မြောက်ဘက်သို့ လှည့်ထားပါသည်။

ဘုတ်စုံစေတီသည် ဘုတ်ချောင်းရပ်တွင် တည်ရှိသည်။ ၁၉၅၁ ခုနှစ် နတ်တော်လဆန်း ၉ ရက်နေ့တွင် စေတီအပြီးသတ်တည်ပြီး ထိုစေတီကို မင်းဧကရာဇ်စောင့်သည်ဆို၍ မင်းဧကရာဇ်ရုပ်ထုတစ်ခုကိုပါ ထုလုပ်ခဲ့ရာ ထိုရုပ်ထုမှာ မင်းဧကရာဇ်အဖြစ်မှ တောင်ပိုင်ဘိုးဘိုးအဖြစ်ပြောင်းလဲနေသည်ကိုတွေ့ရသည်။ စေတီ၏ မုဒ်ပေါက်လိုဏ်ဂူများကို မြောက်ဘက်သို့လှည့်ထားပါသည်။

ဗလပ်စုံစေတီသည် စမ်းချမ်းရပ်တွင် တည်ရှိသည်။ ၁၉၅၂ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက် သောကြာနေ့တွင်တည်ထားပြီး အဆိုပါစေတီကို ခန္တီဝါဒရသေ့စောင့်သည်ဟူသော အဆိုဖြင့် ရသေ့ရုပ်ထုကို ထုလုပ်ထားရှိခဲ့သည်။ စေတီ၏ မုဒ်ပေါက်လိုဏ်ဂူများကို မြောက်ဘက်သို့လှည့်ထားပါသည်။

မဏိစုံစေတီသည် ကလွင်ရပ်တွင် တည်ရှိပြီး ၁၉၅၂ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက် သောကြာနေ့တွင် ဗလပ်စုံစေတီနှင့် တပြိုင်တည်း တည်ထားခဲ့သည်။