တနင်္သာရီတိုင်းဒေသကြီးအတွင်းက ပင်လယ်အစားအစာ ခုံးကောင်

Listing Description

ရှည်လျားကျယ်ပြန့်သည့် ပင်လယ်ကမ်းရိုးတန်းများဖြင့် ဖွဲ့စည်းတည်ရှိသည့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြို့များတွင် ပင်လယ် ငါးမျိုးစုံ အပြင် ခရုကမာမျိုးနွယ်ဝင် အာဟာရ ကြွယ်ဝသည့် ပင်လယ်ခုံးကောင်သည် ဒေသ တွင်း၌ ပင်လယ်အစားအစာတစ်မျိုးအဖြစ် လူကြိုက်များကာ အိမ်နီးချင်း ထိုင်းနိုင်ငံမှလည်း ဝယ်ယူ၍ ပင်လယ်ဟင်းလျာအမျိုးမျိုး အဖြစ် စီမံဖန်တီး၍ နှစ်ခြိုက်စွာ စားသောက် လျက်ရှိသည်။

ခုံးကောင်(ဒေသအခေါ် ရှပ်)သည် ခုံး ချော(ရုပ်)၊ ခုံးကြမ်း(ပငတ်)၊ ထိုင်းခုံး(မလိရှပ်)၊ သွေးခုံး(ဂျင်း) စသည်ဖြင့် မျိုးကွဲအများ အပြားရှိကာ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့ များဖြစ်သည့် မြိတ်ခရိုင် ပုလောမြို့နယ် ပုလောချောင်းတစ်လျှောက်၊ ကြဲ၊ ကျောက်ကမ်းဖဲ၊ မင်းကကြဲစသည့် နေရာများတွင် အများအပြား တွေ့ရှိရပြီး အခြားမြို့များဖြစ်သည့် မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များ၏ သဲနှင့် ရွှံ့ညွန်ရောစပ်သည့် သောင်ပြင် များရှိရာ ပင်လယ်ကျေးရွာအချို့တွင်လည်း တွေ့ရှိရသည်။

ခုံး မျိုးပွားမှုနှုန်းမှာ ငါးများကဲ့သို့ ဥမှ ပေါက်ဖွားခြင်း၊ အကောင်လိုက် ပေါက်ဖွားခြင်းမျိုး မဟုတ်ဘဲ ခုံး၏အခွံအတွင်းရှိ အချွဲ အညှိများဖြင့် ၎င်းတို့ကျက်စားရာ ရွှံ့ နှင့်သဲ ရောနှောနေသော နုန်းမြေဆီတွင်သာ ပေါက် ဖွားကြသည်။ ခုံးကောင်၏ မျိုးပွားနှုန်းသည် များပြားမြန်ဆန်ကာ ခုံးကောက်ခြင်းကို တံငါသည် များက မိသားစုအလိုက် တစ်နိုင်တစ်ပိုင် ဝမ်းရေးအတွက်မှသည် စီးပွားဖြစ် အများအပြား ကောက်ယူ စုဆောင်းရောင်းချကြသည်။

ခုံးကောက်သောနေရာသည် အတည်တကျမရှိဘဲ ရာသီဥတုအပေါ်မူတည်၍ ခုံးကောက်သောနေရာ ပြောင်းလဲနေတတ်ပြီး ရေသေရက်၊ ရေထရက်(မြန်မာရက် လဆုတ်၊ လဆန်း)အပေါ် မူတည်၍ ကွဲပြားသွားသည်။ ခုံးကို တစ်နှစ်ပတ်လုံး ကောက်ယူရရှိနိုင်ကြောင်းလည်း သိရသည်။ အချို့နေ့များတွင် အရုဏ်တက် ရေကျချိန်မှ မနက်ရေတက်ချိန် အထိ တစ်ကြိမ်၊ မွန်းလွဲရေကျအချိန်မှ ညဦးရေတက် အချိန်အထိ တစ်ကြိမ် ကောက်ယူ ကြပြီး တစ်နေ့တွင် တစ်ကြိမ်သာကောက်သော ရက်များလည်း ရှိသည်။

ခုံးကောက်ယူရာတွင် နည်းအမျိုးမျိုးရှိပြီး စီးပွားဖြစ်ကောက်ယူသူများက လှေငယ်ဖြင့် ပင်လယ်ဒီရေ ကျချိန် လူတစ်ရပ်သာသာ ရေအနက်ရှိ ပင်လယ်ရေအောက် သောင်ပြင်တွင် ထွန်ခြစ်သုံးကာ ခုံးခပ်(ရှပ်ခပ်)ကို အသုံးပြု၍ ကောက်ယူကြပြီး ဈေးကွက်အနေဖြင့် ပြည်ပ ထိုင်းနိုင်ငံအထိ တင်ပို့ရောင်းချ ကြသည်။ ဒေသခံ တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများကမူ ပင်လယ်ဒီရေကျချိန်တွင် ခုံးရှိသော သဲပျော့ (သဲကုန်း)များအတွင်း ဖုံးနေသည့် ခုံးကောင်များကို လက်ဖြင့်ဖော်ယူ၍ ကောက်ယူ စုဆောင်းပြီး ရောင်းချကြသည်။

ခုံးကောင်ကို ဒေသခံများ စားသုံးရာတွင် ခုံး(ရှပ်)ကိုခွဲ၍ အခြောက်လှန်းခြင်း၊ အချဉ် ထည့်ခြင်း၊ ပြုတ်ခြင်း၊ မီးကင်ပြီး (ရုပ်သီကင်) စားသုံးခြင်း၊ အိမ်တွင်းဟင်းစားအဖြစ် ချက်ပြုတ်စားခြင်း စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ချက်ပြုတ်စားသုံးနိုင်သည့်အပြင် ဟိုတယ်များ စားသောက်ဆိုင်များတွင်လည်း ထိုင်းရိုးရာ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ရောစပ်စီမံ ချက်ပြုတ်ကြော်လှော်၍ တန်ဖိုးကြီးဟင်းပွဲ ' အဖြစ် ရောင်းချကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့ များမှ လွဲ၍ မည်သည့် ပင်လယ်ကမ်းရိုးတန်း ဒေသများတွင်မှ ပေါများစွာမရှိသည့် ဗီတာမင်၊ ပရိုတင်းနှင့် အာဟာရဓာတ်များ ကြွယ်ဝ လှသည့် ပင်လယ်အစားအစာ တစ်မျိုးဖြစ်သော ခုံးကောင်(ခေါ်)ရှပ် ဟင်းလျာကို တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ မြို့များသို့ တစ်ခါတစ်ခေါက် လာရောက်လည်ပတ်ရင်း မြည်းစမ်းစားသုံးနိုင်ကြဖို့ ဖိတ်ခေါ်လိုက်ရပါ သည်။ ။

မှီငြမ်း - ခုံးအကြောင်းသိကောင်းစရာနှင့် တံငါသည်တို့ ဘဝအထွေထွေ

သတင်းဆောင်းပါး - ကျော်စိုး(ကော့သောင်း)