တနင်္သာရီမြို့ဟောင်းသို့

Listing Description

တနင်္သာရီဟူသည့်အမည်ကို မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ တိုင်းဒေသကြီး၏ အမည်ဟုသာ သိရှိသူများ၍ တနင်္သာရီမြို့ကိုမူ သိရှိသူ အလွန်မများလှပါချေ။ တနင်္သာရီမြို့သည် ရှေးဟောင်းသုတေသနနှင့် သမိုင်း သုတေသီများစိတ်ဝင်စားသည့် မြို့ဟောင်း တစ်ခုဖြစ်၍ ထင်ရှားသော ရှေးမြို့ဟောင်းများဖြစ်ကြသည့် သာဂရ နှင့်မုတ္ထီးတို့ကဲ့သို့ပင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း၌ တည်ရှိသည်။ မြိတ်မြို့မှ တနင်္သာရီမြို့သို့ တနင်္သာရီ မြစ်ကူးတံတားကို ကျော်ဖြတ်၍ မော်တော်ကားဖြင့် အလွယ်တကူ သွားရောက်နိုင်ကာ မောင်းနှင်ချိန် တစ်နာရီခွဲ ဝန်းကျင်သာကြာမြင့်သည်။

ကောင်းကင်ဓာတ်ပုံများမှတစ်ဆင့် မြန်မာ့ရှေးဟောင်းမြို့များကို ရှာဖွေခဲ့သူ သစ်တော ဦးစီးဌာနမှ ဦးအောင်မြင့်သည် တနင်္သာရီမြစ်ရိုးတစ်လျှောက်၌ တနင်္သာရီမြို့ဟောင်း၊ တုံးဗျော မြို့ဟောင်းနှင့် ဇလွန်မြို့ ဟောင်းတို့ကို တွေ့ရှိခဲ့ကြောင်း စာတမ်းတစ်စောင် ရေးသား ခဲ့သည်။

တနင်္သာရီမြို့နယ်

တနင်္သာရီမြို့သည် တနင်္သာရီကမ်းရိုးတန်း၌ ကုန်သွယ်မှုအချက်အချာကျသည့်နေရာတွင် တည်ရှိသည်။ ဗြိတိသျှတို့သည် ၁၈၂၆ ခုနှစ်တွင် မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းယူခဲ့ပြီးနောက် တနင်္သာရီမြို့အမည် ကို အစွဲပြုလျက် တနင်္သာရီတိုင်းကိုဖွဲ့စည်းခဲ့ရာ တနင်္သာရီ တိုင်းမြို့တော်သည် ကျိုက္ခမီမြို့ဖြစ်၍ တနင်္သာရီမြို့သည် တနင်္သာရီတိုင်းအတွင်း၌ ထားဝယ်ပြီး လျှင် ရှေးအကျဆုံး မြို့ ဖြစ်ခဲ့သည်။

တနင်္သာရီမြို့သည် မြိတ်မြို့မှ အရှေ့တောင်ဘက်သို့ ၇၆ ကီလိုမီတာကွာဝေး၍ တနင်္သာရီမြစ်နှင့်ချောင်းငယ် မြစ်ကမ်းပေါ်တွင် မြင်းခွာပုံသဏ္ဌာန် တည်ရှိနေသည်။ တနင်္သာရီမြို့၏ တည်နေရာမြေပုံအညွှန်းသည် မြောက် လတ္တီတွဒ် ၁၄ ဒီဂရီ ၀၅ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၁၂ မိနစ် အကြားဖြစ်သည်။ အရှေ့အနောက် ၅၈ မိုင်နှင့် တောင်မြောက် ၁၄၃ မိုင်ရှည်လျား၍ ၄၃၈၀ ဒသမ ၀၅ စတုရန်းမိုင် ကျယ်ဝန်းသည့် တနင်္သာရီမြို့နယ် ကို လက်ရှိအချိန်တွင် မြို့နှစ်ခု(တနင်္သာရီနှင့် မောတောင်) ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၁၉ အုပ်စု ၊ ကျေးရွာ ၁၇၆ ရွာဖြင့် ဖွဲ့စည်းထားသည်။

တနင်္သာရီမြို့နယ်သည် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် မြိတ်မြို့နယ်၊ ပုလောမြို့နယ်နှင့် ကျွန်းစုမြို့နယ်၊ တောင်ဘက်တွင် ဘုတ်ပြင်းမြို့နယ်နှင့် မြောက်ဘက်တွင် ထားဝယ်မြို့နယ်နှင့် ထိစပ်နေသည်။ မိုင် ၂၇၀ ရှည်လျားသည့် တနင်္သာရီမြစ်သည် တနင်္သာရီ မြို့နယ်အတွင်း၌ ၁၃၈ မိုင် ဖြတ်သန်းစီးဆင်းနေပြီး တနင်္သာရီမြို့၏ အရှေ့၊အနောက်နှင့် မြောက်ဘက်ကို ရေများက ဝန်းရံနေကာ တောင်ဘက်၌ တောင်ကုန်း တောင်တန်းများ တည်ရှိနေသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀ မြင့်ပြီး သမမျှတသော ရာသီဥတုရှိသည့် တနင်္သာရီမြို့နယ်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ လူဦးရေ ၁၀၁၈၄၂ ဦး နေထိုင်လျက်ရှိရာ ဗမာလူမျိုးနှင့် ကရင်လူမျိုးများက အများဆုံးဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းတွင် တနင်္သာရီ မြို့ဟောင်း၊ မြို့ရိုးနှင့် ကျုံး၊ ရှင်မအောင်သာကျောက်တိုင် နှင့် နန်းတော်ရာကုန်းတို့ကို ရှေးဟောင်းနေရာတည်ရှိ ရာ ဇုန်ဟုလည်းကောင်း၊ တနင်္သာရီမြို့ဟောင်းအတွင်း အပြင် နှစ်ခုလုံးကို ကာကွယ်ထိန်းသိမ်းထားသောဇုန်ဟု လည်းကောင်း ဖော်ပြထားသည်။ တနင်္သာရီမြို့ရှိ မြဝတ်ဆင်နှင့် ရန်အောင်မြင်တို့သည် မြို့နယ်၏ ထင်ရှား သော စေတီများဖြစ်ကြသည်။

မြို့ဟောင်းဝင်ပေါက်များ

တနင်္သာရီမြို့ဟောင်းသည် တနင်္သာရီမြို့ပင်ဖြစ် ၍ မြို့ဟောင်းအတွင်း၌ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက် တည်ရှိ သည်။ ယင်းရပ်ကွက်နှစ်ခု တွင် ၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရ အိမ်ခြေ ၁၈၆၅ အိမ်၊ အိမ်ထောင်စု ၁၁၂၆ စုရှိ၍ လူဦးရေ ၅၅၁၄ ဦး နေထိုင်သည်။

အုတ်မြို့ရိုးများ ကျန်ရှိနေသည့် တနင်္သာရီမြို့ ဟောင်းကို အရှေ့ဘက်တွင် မြဝတ်ဆင်တောင်တန်း၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် မရင်းကြီး တောင်တန်းများက တနင်္သာရီမြစ်နှင့် ချောင်းငယ်မြစ် ခြားကာ ဝန်းရံနေပြီး တောင်ဘက်တွင် လုံးခရမ်းတောင်၊ ကြယ်ခြွေတောင်နှင့် တနင်္သာရီတောင်တန်းများရှိသည်။ မြို့တည်နေရာသည် လွင်ပြင်ကျယ်ဖြစ်၍ ဦးကြီးစိန်ပြုစု သည့် မြိတ်ရာဇဝင်တော်တွင် မြို့ပတ်လည်အလျားသည် ကိုက် ၅၆၇၀၊ မြို့ရိုးသည်မြေအဝင် သုံးတောင်၊ မြေပေါ် အရပ်ရှစ်တောင်ဟု ဖော်ပြထားသည်။ မြို့ဟောင်း၌ ဝင်ပေါက် ရှစ်ပေါက်၊ မလွယ်တံခါး နှစ်ပေါက်ရှိပြီး လက်ရှိ တနင်္သာရီ မြို့ဟောင်း ၏ အကျယ်အဝန်းသည် ၁ ဒသမ ၀၈၉ စတုရန်းမိုင်ဖြစ်သည်။

မြို့ဝင်ပေါက် ရှစ်ပေါက်အနက် မြို့ဟောင်း၏ အရှေ့ဘက်မြို့ရိုး၊ အနောက်ဘက်မြို့ရိုးနှင့် မြောက်ဘက်မြို့ရိုး တို့တွင် မြို့ဝင်ပေါက် နေရာများသည် ထင်ရှားစွာကျန်ရှိနေပြီး မြောက်ဘက်မြို့ရိုးရှိ ဝင်ပေါက်နှစ်ခုသည် အခြား ဝင်ပေါက်များထက် ပိုမိုကျယ်ဝန်းသည်။

တနင်္သာရီမြို့ဟောင်း၏ အရှေ့ဘက်မြို့ရိုးသည် ပေ ၁၄၅၀၊ အနောက်ဘက်မြို့ရိုးသည် ပေ ၁၈၀၀၊ တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးသည် ပေ ၂၂၅၀ စီ ရှည်လျားသည်။ အရှေ့ဘက်မြို့ရိုးကို မြို့ဦးစေတီတောင် ကျောင်းဝင်းအတွင်း၌ တွေ့ရသည်။ အရှေ့တောင် ထောင့် မြို့ရိုးသည် အမြင့်ပေ ၆၀ ကျန်ရှိနေကာ မြို့ရိုးတည် ဆောက်ရာတွင် အသုံးပြုခဲ့သည့် အုတ်များ၏ အရွယ်အစားသည် အလျားတစ်ပေ၊ အနံခြောက်လက်မခွဲနှင့် အထူ နှစ်လက်မခွဲဖြစ်သည်။

ရွှေလိပ်ပြာရေဆိပ်ဟု ခေါ်ဆိုကြသည့် မြို့ဟောင်းအနောက်ဘက်မြို့ရိုးဝင်ပေါက်သည် ၁၉ ပေ ၆ လက်မ ကျယ်၍ ၈ ပေ ၇ လက်မမြင့်ကာ မြို့ရိုးအထူသည် ၉ ပေ ၆ လက်မဖြစ်သည်။ မြို့ရိုး၏တောင့်များကို ဂဝံကျောက်များဖြင့် ထောင့်ချုပ်များ ပြုလုပ်ထားသည်။ အနောက် ဘက်မြို့ရိုး၌ပင် ရွှေလိပ်ပြာရေဆိပ်၏ မြောက်ဘက် ပေ ၃၀၀ တွင် မြို့ဝင်ပေါက်တစ်ခုရှိပြီး ယင်းနေရာ မှ အလျား ၁၆ လက်မ၊ အနံ ၈ လက်မနှင့် အထူ ၃ လက်မရှိ အုတ်များကို တွေ့ရှိခဲ့သည်။

မြောက်ဘက်မြို့ရိုးရှိ မာန်လည်ရေဆိပ်နေရာတွင် ၃၃ ပေကျယ်၍ ၈ ပေမြင့်သည့် မြို့ဝင်ပေါက်တစ်ခုရှိကာ ယင်းမြို့ ရိုးရှိ အခြားဝင်ပေါက်တစ်ခုသည် ပေ ၃၀ ကျယ်၍ ၆ ပေမြင့်သည်။

မြို့ဟောင်းလေ့လာမှုများ

တနင်္သာရီမြို့၏ အနောက်ဘက်မြစ်ကမ်း တစ်လျှောက်နှင့် မြို့ဝင်မုခ်ဦးမှစ၍ လက်ဝဲဘက် တစ်လျှောက်တွင် ထုထည်ကြီးမားသော မြို့ရိုးဟောင်း ကုန်းတန်းကြီးများ ကျန်ရှိနေကာ တနင်္သာရီမြို့ဟောင်းကို တနင်္သာရီမြစ်နှင့် ချောင်းငယ်မြစ်တို့က သဘာဝရေ ကျုံးများသဖွယ် ကာရံထားသည်။

တနင်္သာရီမြို့ဟောင်း၏ တောင်ဘက်နှင့်မြောက် ဘက်မြို့ရိုးတို့သည် အလျားတူညီပြီး မြို့ပုံသဏ္ဌာန်သည် ထောင့်မှန်စတုဂံပုံ မကျတကျဖြစ်သည်။ မြို့ဟောင်းသည် ဂငယ်ပုံ ကွေ့ဝိုက်စီးဆင်းနေကြသည့် တနင်္သာရီမြစ်နှင့် ချောင်းငယ်မြစ်အကြားတွင် တည်ရှိနေသဖြင့် မြင်းခွာပုံ နှင့် တူနေပေသည်။

၁၉၉၈ ခုနှစ်တွင် ဆရာတော်ဦးပညာဒီပ၏ ချောင်း ကြီးကျောင်းဝင်းအတွင်းရှိ စေတီပျက်မှ ခဲဘုရား ၁၀ ဆူ၊ မြေမီးဖုတ် အုတ်ခွက်ဘုရား ငါးဆူ၊ ဆင်းတုငယ်ပုံပါရှိသည့် ရွှေပြားတစ်ပြား၊ ဘုရာဦးခေါင်းတော်ငါးခု၊ ကြေးရုပ် ပွားတော်လေးဆူနှင့် စဉ့်သုတ်မြေအိုးခြောက်လုံးကို တွေ့ရှိခဲ့သဖြင့် ယင်းပစ္စည်းများကို ရှေးဟောင်းသုတေသန ဦးစီးဌာနက သွားရောက် စစ်ဆေးခဲ့သည်။ ထို့နောက် ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငွေငွေစိုး ဦးဆောင်သည့် အဖွဲ့သည် ၁၉၉၉ ခုနှစ်တွင် တနင်္သာရီမြို့ဟောင်းကို ပမာဏကွင်းဆင်းတိုင်းတာ ခြင်းနှင့်စမ်းသပ်တူးဖော်မှုများ ပြုလုပ်ခဲ့ကာ မြောက်ဘက် မြို့ရိုးရှိ မာန်လည်ရေဆိပ်ဝင် ပေါက်နေရာရှိ ကုန်းအမှတ် (၁) (TNRI-1) နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံမှ အနောက်ဘက်သို့ ပေ ၂၅၀ အကွာတွင်ရှိသည့် ကုန်းအမှတ် (၂) (TNRI-2) ကို စမ်းသပ်တူးဖော် ခဲ့သည်။

ကုန်းအမှတ်(၁)၏ လုပ်ငန်းခွင်ဧရိယာသည် အရှေ့ အနောက် ၄၅ ပေနှင့် တောင်မြောက် ပေ ၃၀ ရှည်လျားကာ ရှစ်ပေမြင့်သောကုန်းဖြစ်ပြီး မြို့ဟောင်းအလယ်ရှိ ရှင်မအောင်သာနတ်နန်းနှင့် ပေ ၁၂၀၀ ကွာဝေး၍ တူးဖော် မှုကုန်းနှင့် နတ်နန်းတို့သည် မျဉ်းတစ်ဖြောင့်တည်း တည်ရှိနေကြသည်။ ရှင်မအောင်သာကို တနင်္သာရီမြို့ တည်စဉ်က စတေးခဲ့သည်ဟု ဒေသခံများက ယုံကြည် ကြကာ ရုပ်တုပြုလုပ်၍ နတ်နန်းကို တည်ဆောက်ခဲ့ ကြသည်။

တူးဖော်မှု ကုန်းအမှတ်(၁) မာန်လည်ရေဆိပ်ကို ယခုတိုင် အသုံးပြုနေဆဲဖြစ်ပြီး ဗြိတိသျှတို့ အုပ်စိုးစဉ်က ယင်းနေရာတွင် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်ခဲ့ကာ မြို့ဝင်ပေါက်၏ မြောက်ဘက်တည့်တည့် ၅၆ ပေအကွာ တွင် ဂဝံကျောက်တုံးများကို ဆက်၍ ခိုင်မာစွာပြုလုပ်ထားသည့် ဂဝံကျောက်ဖျာဆိပ်ခံဗောတံတားတစ်ခုကို မြင်တွေ့နိုင်ကြသည်။ ရှေးဟောင်းသုတေသန ဦးစီးဌာန၏ တိုင်းထွာချက်များအရ ယင်းကျောက်ဖျာသည် နှစ်ပေ နှင့် ခုနစ်လက်မထူ၍ အရှေ့အနောက် ၃၆ ပေနှင့် တောင်မြောက် ၃၂ ပေ ၆ လက်မ ရှည်လျားသည်။ ယခု အချိန်တွင် မြစ်ရေတိုက်စားမှုကြောင့် ဂဝံကျောက်ဖျာ၏ မြောက်ဘက်ခြမ်းသည် ပေ ၂၀ ခန့် ပြိုကျပျက်စီးနေပြီ ဖြစ်သည်။

ကုန်းအမှတ်(၁) တူးဖော်မှုမှ မြေအိုးကွဲ အပိုင်းအစ များ၊ စဉ့်ရည်သုတ်အိုးကွဲများ၊ ကြွေအိုးအပိုင်းများကို တွေ့ရှိခဲ့၍ ကုန်းအမှတ် (၁)၏ ဝင်ပေါက်လမ်းသည် ၃၃ ပေကျယ်သည်။ အုတ်မြို့ရိုးတန်းပေါ်တွင် အပင်များပေါက် နေကာ အချို့နေရာများတွင် မြို့ရိုး ပြိုကျ၍ အုတ်ကျိုးခဲ များ စုပုံနေကြသည်။ အုတ်မြို့ရိုးသည် ယခင်က ၁၅ ပေ ဝန်းကျင်မြင့်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

ကုန်းအမှတ်(၂)သည် အရှေ့အနောက် ၁၀၅ ပေ နှင့် တောင်မြောက် ပေ ၆၀ ရှည်လျားကာ ၁၁ ပေမြင့်သော ကုန်းဖြစ်ပြီး ကုန်းတစ်ခုလုံးကို ရှင်း၍ အရှေ့အနောက် တန်းလျက် ၁၅ ပေ ပတ်လည်ကျယ်သည့် ကျင်းသုံးခုကို တူးဖော်ခဲ့ရာ မြေထည်၊ စဉ့်ထည်၊ ကြွေထည် အပိုင်းအစ ၃၀၀ ကျော်နှင့် ဦးခေါင်း၊ လက်မောင်းနှင့် ပေါင်နေရာတွင် ကျိုးနေပြီး ခါးတောင်းကျိုက်ထားသည့် လူရုပ်တစ်ခုနှင့် တိရစ္ဆာန်ရုပ်တစ်ခုကို တွေ့ရှိခဲ့သည်။ ယင်းကုန်းကို တူးဖော်ခဲ့သူ ဒေါ်ငွေငွေစိုးက ယင်းနေရာတွင် ကြီးမား သော အဆောက်အအုံပန္နက်ရာတစ်ခုကို တွေ့ရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ယင်းအဆောက်အအုံကို မတူးဖော်ခဲ့ရကြောင်း ရှင်းပြခဲ့သည်။

တစ်ဆက်တည်းမှာပင် တူးဖော်မှုကုန်းအမှတ်(၂)၏ မြောက်ဘက် ပေ ၉၀ အကွာတွင်ရှိသော မြို့ဝင်ပေါက် နေရာဖြစ်သည့် ကုန်းအမှတ်(၃) ကို စမ်းသပ်တူးဖော် ခဲ့သည်။

တနင်္သာရီမြို့ဟောင်း၏ နန်းတော်ရာဟု ယူဆရ သည့် နေရာပေါ်တွင် ချောင်းငယ် ဘုန်းကြီးကျောင်းတည် ရှိနေသဖြင့် တူးဖော်သုတေသနပြုခြင်းကို မဆောင်ရွက် နိုင်ခဲ့ချေ။ သို့သော် နန်းတော်ရာအနီးတွင် နန်းတော်နှင့် အတူ တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် မင်္ဂလာရေ ကန်တော်ကို ၁၉၉၃-၁၉၉၄ ခုနှစ်တွင် ဒေသခံများက ပြန်လည် ဖော်ထုတ်ထိန်းသိမ်းခဲ့သည်။ ယင်းရေကန် သည် အနားတစ်ဖက်လျှင် ပေ ၅၀ ရှည်လျားသည့် အနား ရှစ်ခုပါရှိသော အဋ္ဌဂံပုံကန်ဖြစ်၍ ရေကန်၏ အကျယ် (အချင်း)သည် ၁၂၄ ပေဖြစ်သည်။

ဇလွန်နှင့် တုံးဗျောမြို့ဟောင်း

တနင်္သာရီမြို့ဟောင်းဝန်းကျင်၌ မြို့ဟောင်းနှစ်ခု ရှိသေးသည့်အနက် ဇလွန်မြို့ဟောင်းရာသည် ဦးအောင်မြင့်၏ စာတမ်းအရ တနင်္သာရီမြစ်၏ အနောက် မြောက်ဘက် ငါးမိုင်အကွာတွင် တည်ရှိသည်။ ဇလွန်ရွာ သည် တနင်္သာရီမြစ်အတွင်းသို့ စီးဝင်နေသည့် ဇာဝီ ချောင်း၏ မြေပြန့်လွင်ပြင်တွင်တည်ရှိသော တောင်ငယ် တစ်ခု၏ မြောက်ဘက်အခြေ၌ တည်ရှိကာ မော်တုန်းရွာမှ နှစ်မိုင်ကွာဝေးသည်။ မြို့ဟောင်းသည် ဇလွန်ရွာနှင့် အနီးဆုံးတည်ရှိနေသဖြင့် ယင်းနေရာကို တွေ့ရှိခဲ့သော ဦးအောင်မြင့်က ဇလွန်မြို့ဟောင်းဟု အမည်ပေးခဲ့သည်။ ဇလွန်မြို့ဟောင်းသို့ တနင်္သာရီမြို့မှ တနင်္သာရီမြစ်အတိုင်း ငါးမိုင်စုန်ဆင်းကာ မော်တုန်းရွာမှ တစ်ဆင့် သွားရောက် နိုင်သည်။

စတုဂံပုံ ဇလွန်မြို့ဟောင်း၏ အရှေ့ဘက်တွင် တောင်ကုန်းတောင်တန်းများ၊ အနောက်ဘက်နှင့် မြောက် ဘက်တွင် ဇာဝီချောင်း၊ တောင်ဘက်တွင် တနင်္သာရီမြစ် တည်ရှိသည်။ မြို့ဟောင်းသည် တောင်ကုန်း တောင်တန်းများအကြားမှ လွင်ပြင်တွင် တည်ရှိကာ သေးငယ်သော်လည်း စစ်ရေးအကာအကွယ်ကောင်းသည့် နေရာဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။ မြို့ဟောင်း၏ ထောင့်များသည် ဝိုင်းနေကြကာ မြို့ရိုးနှစ်ထပ်ပါရှိပြီး ၆၅ ဧကကျယ်ဝန်းသည်ဟု ဆိုသည်။

မြိတ်မြို့မှ တနင်္သာရီမြစ်ကြောင်းအတိုင်း ၁၆ မိုင်ခန့် ဆန်တက်လျှင် တနင်္သာရီမြစ်နှင့် ပေါင်းဆုံနေသည့် ကျောက်ဖျာချောင်းကို တွေ့ရှိရမည်ဖြစ်သည်။ ကျောက်ဖျာချောင်းအတိုင်း သုံးမိုင်ဆန်တက်လျှင် တုံးဗျောကြီးကျေးရွာသို့ ရောက်ရှိကာ ရွာ၏မြောက်ဘက် တစ်မိုင်အကွာ တွင် တုံးဗျောမြို့ဟောင်းရာရှိကြောင်း ဦးအောင်မြင့်က ဖော်ထုတ်ခဲ့သည်။ မြို့ဟောင်းသည် စတုဂံပုံရှိ၍ အရှေ့၊ အနောက်နှင့်မြောက်ဘက်ကို တောင်ကုန်းများက ဝန်းရံနေကာ မြို့ရိုးများသည်ထင်ရှား မှုမရှိတော့ဘဲမြို့ရိုးထောင့်များသည် အဝိုင်းပုံတည်ရှိ နေကြသည်။ မြို့ဟောင်း၏ အကျယ်အဝန်းသည် ခန့်မှန်းဧက ၁၀၀ ရှိကာ ခံတပ်မြို့ သို့မဟုတ် တပ်စခန်းမြို့ဖြစ်နိုင်ကြောင်း ဦးအောင်မြင့်က သုံးသပ် ခဲ့သည်။

မြို့ရိုးမြို့ရာများ အခိုင်အမာတည်ရှိခဲ့သည့် တနင်္သာရီ မြို့ဟောင်းအပါအဝင် တနင်္သာရီမြို့နယ် အတွင်းမှ မြို့ဟောင်းရာများသည် ယခုတိုင် ကျန်ရှိနေဆဲဖြစ်သဖြင့် ယင်းတို့ကို စနစ်တကျ တူးဖော်သုတေသနပြုလုပ်နိုင်မည် ဆိုပါက တနင်္သာရီကမ်းမြောင်ဒေသ၏ ခိုင်မာသော သမိုင်း အထောက်အထားများကို ယခုထက် ပိုမိုထုတ်ဖော် နိုင်မည်ဖြစ်ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)

ကိုးကား

တနင်္သာရီမြို့ဟောင်း စမ်းသပ်တူးဖော်မှု အစီရင် ခံစာ(၁၉၉၈-၁၉၉၉)

မြန်မာ့မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံမှ ဘတ်ရှုလေ့လာခြင်း(အောင်မြင့်)

တနင်္သာရီမြို့နယ် ဒေသဆိုင်ရာ အချက်အလက် များ(ပြည်ထဲရေး ဝန်ကြီးဌာန)

ဒေါ်ငွေငွေစိုးနှင့် တွေ့ဆုံမေးမြန်းချက်များ