တနင်္သာရီမြို့၌ သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အအုံ ဆောက်လုပ်ပြီးစီး

Listing Description

တနင်္သာရီ ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်အတွင်း နှစ်စဉ်မြစ်ရေကြီးမှု ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူများ အပါအဝင် သဘာဝဘေးသင့်ပြည်သူများ အရေး ပေါ် ဘေးဒဏ်ခိုလှုံရန် အဆောက်အအုံ (Multipurpose Cyclone Shelter)တစ်လုံးကို မြေမအုံရွာတွင် ရာနှုန်း ပြည့် တည်ဆောက်ပြီးစီးပြီ ဖြစ် ကြောင်း ဇန်နဝါရီ ၉ ရက်က သိရ သည်။

ယင်းအဆောက်အအုံကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကျပ်သန်း ၁၄၈ ဒသမ ၆၉၀၂ ဖြင့် တင်ဒါအောင် ကုမ္ပဏီက ၂၈-၁၀-၂၀၂၀ ရက်မှစ၍ တာဝန်ယူ ဆောက်လုပ်ခဲ့သော အလျားပေ ၆၀၊ အနံပေ ၆၀၊ အမြင့် ၂၄ ပေရှိ သံကူ ကွန်ကရစ်တစ်ထပ် အဆောက်အအုံ အမျိုးအစားဖြစ်သည်။

တနင်္သာရီမြို့နယ် မြေမအုံ ကျေးရွာတွင် အဆိုပါ အရေးပေါ်ခိုလှုံ ရန် ဘက်စုံသုံးအဆောက်အအုံပြီးစီးနေပြီဖြစ်သဖြင့် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ၏ ညွှန်ကြားမှုဖြင့် သဘာဝဘေး အန္တရာယ်သင့် ပြည်သူများအား အရေးပေါ်ခိုလှုံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော် ဆန်းထံမှ သိရသည်။

နန်းသာရီထိန်ဝင်း(ပြန်/ဆက်)