ထန်းတပင်စက်မှုဇုန် တည်ဆောက်မှုပြီးစီးပါက စက်ရုံလုပ်သား တစ်သိန်းကျော် အလုပ်အကိုင်ရရှိနိုင်မည်

Listing Description

ရန်ကုန်    ဒီဇင်ဘာ    ၂၁

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကုက္ကိုလ်ဝ တံတားအနီးရှိ ရေနက်ကွင်းနေရာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ထိုစီမံကိန်းဆောင်ရွက် စဉ်အတွင်းတွင်လည်း အလုပ်အကိုင်များရရှိမည်ဖြစ်ပြီး စက်မှုဇုန်များ အသက်ဝင်ပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လုပ်သားတစ်သိန်းကျော် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များကို  နိုင်ငံတော်က တည်ဆောက်လျက် ရှိရာ သီလဝါစက်မှုဇုန်နှင့် ဆိပ်ကမ်းမှာ ဂုဏ်သတင်း ကောင်းမွန်ပြီး ပင်လယ်ကူးသင်္ဘောကြီးများ ပိုမိုဆိုက်ကပ် နိုင်နေပြီဖြစ်သည်။

ယခုအခါ   ဒေသတွင်းပြည်သူများ  အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန် ထန်းတပင်မြို့နယ်  ကုက္ကိုလ်ဝ မြစ်နံဘေးရှိ ရေနက်ကွင်းတွင် စက်မှုဇုန်ကြီး တည်ဆောက်ရန် ၂၀၁၈ ခုနှစ်မှစ၍ အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ 

“ရေနက်ကွင်းမှာရှိတဲ့  လယ်သမားတွေအားလုံး  သဘောတူပြီးပါပြီ။ ကျွန်တော်တို့တစ်ဦးတည်း ဖြစ်နေတဲ့အတွက် အများပြိုင်ဖြစ်အောင် ကျွန်တော်တို့ထက် ပိုပြီးလုပ်ပေးနိုင်မယ့် ကုမ္ပဏီကို  သတင်းစာမှာ တင်ဒါပုံစံတစ်မျိုး ခေါ်ပြီးဆောင်ရွက်မယ်လို့  သိရပါတယ်။ အဲဒီအတွက် Third party  ဖြစ်တဲ့ ကျွမ်းကျင်အဖွဲ့ကစိစစ်ပြီး ကျေနပ်ရင် တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ဖို့ရှိတယ်။  အဲဒီလိုအဖွဲ့က  သိချင်တဲ့အချက်အလက်တွေ၊ မေးခွန်းတွေ၊ ဖြစ်နိုင်ခြေရှိတဲ့  လုပ်ငန်းဖြစ်ကြောင်းကို ကျွန်တော်တို့ ဖြေကြားပြီးပါပြီ။ ကျွန်တော်တို့ထက် လုပ်ဆောင်နိုင်တဲ့သူမရှိရင် ကျွန်တော်တို့ဆက်ပြီး လုပ်ဆောင် သွားမှာပါ။ စက်ရုံတည်ဆောက်ရေးမှာ  အလုပ်အကိုင်ရရှိတဲ့အပြင်  စက်ရုံ လည်ပတ်ရင် လုပ်သားတစ်သိန်းကျော် အလုပ်အကိုင်ရရှိစေမှာပါ”ဟု ရန်ကုန်-ထန်းတပင် တက်ခနော်လော်ဂျီကုမ္ပဏီ လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးဝေက ပြောသည်။

စီးပွားရေးလုပ်ငန်းများဖော်ဆောင်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၁၁ မြို့နယ်တွင် ထန်းတပင် စက်မှုဇုန်နှင့် ရေပေါ်ဈေးလည်း တစ်ခုအပါအဝင် ဖြစ်ပြီး အဆိုပါစီမံကိန်းတွင် လယ်ဧက ၄၀၀ ကျော်၌ ငါးဧကလျှင် တောင်သူ အား စက်မှုမြေတစ်ဧကပြန်လည်ပိုင်ဆိုင်ခွင့်ပေးထားရာ လယ်သမားများသဘော တူညီမှုဖြင့်  ကျန်မြေဧက  ၁၆၀၀ ကျော်နှင့်အတူ   ထန်းတပင်စက်မှုဇုန်ကို တည်ဆောက်ခြင်းဖြစ်သည်။ ထိုဇုန်များတွင် လမ်း၊ ရေ၊ လျှပ်စစ်မီး စသော အခြေခံအဆောက်အအုံများအပါအဝင် စက်ရုံပေါင်း၂၀၀ ၊ ရေဆိုးသန့်စင်စက်ရုံ၊ အလုပ်သမားနေထိုင်မည့်အဆောက်အအုံ၊ လုံးချင်းအိမ်ရာ၊ စာသင်ကျောင်း၊ ပန်းဥယျာဉ်၊ စက်မှုဇုန်ရုံးများ တည်ဆောက်မည်ဖြစ်ပြီး ထိုစက်မှုဇုန်ရှိ လမုတန်း  ကျေးရွာနှင့်  လှိုင်မြစ်တစ်ဖက်ကမ်းရှိ   မှော်ဘီမြို့သို့  ဆက်သွယ်နိုင်မည့် (ပြည်လမ်းနှင့် ချိတ်ဆက်နိုင်)  မြစ်ကူးတံတားတစ်စင်းကို တည်ဆောက်မည် ဖြစ်ရာ တရုတ်(တိုင်ပေ)နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လမ်းညွှန်မှုနဲ့  ဆောင်ရွက်တာပါ။ နိုင်ငံတော်အနေနဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့လျှပ်စစ်မီးရရှိရေးကိုဆောင်ရွက်နေတဲ့အပြင်အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကိုလည်း ဆောင်ရွက်နေတာ ကြောင့် ဒီစက်မှုဇုန်ကြီးပြီးသွားရင် ဒီဒေသဟာ သိသိသာသာတိုးတက်သွားမှာပါ။ ရေနက်ကွင်းမှာတောင်သူတွေ စိုက်ပျိုးရေးအဆင်မပြေပေမယ့် စက်မှုဇုန်ကြီး ပေါ်ထွန်းလာရင် တောင်သူတွေကအစ အလုပ်အကိုင်တွေရလာမှာပါ။ အောက်ဆုံးအဆင့်မှာရှိတဲ့ ထန်းတပင်ဟာ စက်မှုဇုန်ပေါ်လာရင် နိုင်ငံတော် အတွက် အခွန်ရတဲ့မြို့နယ်တစ်ခုအဖြစ် တွေ့မြင်ရမှာပါ”ဟု ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ပြောသည်။

စက်မှုဇုန်နှင့် မြစ်ကူးတံတားအပါအဝင် တည်ဆောက်ရေး အသေးစိတ် မြေပြင်ကွင်းဆင်းဆောင်ရွက်မှုကို ပြည်ပဆောက်လုပ်ရေးကုမ္ပဏီမှ ဆောင်ရွက်ခဲ့သည်။ အဆိုပါစီမံကိန်း မြန်ဆန်စွာအကောင်အထည် ပေါ်ပါက ရန်ကုန်တိုင်း      ဒေသကြီး၏ စက်မှုကဏ္ဍနှင့်ပြည်ပပို့ကုန် ပိုမိုတိုးမြင့်ရရှိပြီး တိုင်းဒေသကြီး  အ‌နေဖြင့် အခွန်ငွေပိုမိုရရှိကာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည်ဖြစ်သည်။ ကုက္ကိုလ်ဝတံတား အဆင်း ဘယ်ဘက်ခြမ်းရေနက်ကွင်းသည် ထန်းတပင်စက်မှုဇုန်တည်ဆောက်မည်ဖြစ်ပြီး ညာဘက်ခြမ်း ပန်းလှိုင်မြစ်နှင့် ကုက္ကိုလ်ဝမြစ်ဆုံနေရာ၌ ရေပေါ်ဈေးတည်ဆောက်ရန်လျာထားရာ ကနဦး စက်မှုဇုန်ကို တည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။ ရေနက်ကွင်းဧရိယာဧက ၂၀၀၀ ကျော်တွင် သဲနှင့်မြေကြီး ငါးပေအမြင့် မြှင့်တင်မည်ဖြစ်ပြီး စက်မှုဇုန် တည်ဆောက်ရေးကို  ရန်ကုန်ဝဲလ်ဒဲက်ပလော့မန့်ကုမ္ပဏီ၊ ဝီဝက်ဒ်(ဟောင်ကောင်)အင်တာနေရှင်နယ်ကုမ္ပဏီနှင့် ဂိုးဒင်းမြန်မာ(ဟောင်ကောင်)အင်ဗားစမန့် ကုမ္ပဏီ သုံးခုပေါင်း၍ ရန်ကုန်-ထန်းတပင် တက်ခနော်လော်ဂျီကုမ္ပဏီ ဖြစ်သော ပြည်တွင်းကုမ္ပဏီ တစ်ခုအနေဖြင့် ထန်းတပင်စက်မှုဇုန်စီမံကိန်းကိုဆောင်ရွက်လျက်ရှိသည်။ အဆိုပါစက်မှုဇုန် အသက်ဝင် လာပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ အလုပ်သမားတစ်သိန်းကျော် အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

 သန်းထိုက် ၊ ဓာတ်ပုံ-သန်းစိုး