စစ်တွေတက္ကသိုလ်

Listing Description

စစ်တွေမြို့ ဘုမေရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် တည်ရှိသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် (ဖဆပလအစိုးရလက်ထက်) ၁၉၅၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူ ဥပစာကောလိပ်(Kyaukpyu Intermediate College)သည် ရခိုင်ပြည်နယ်၏ ပထမဆုံး ကောလိပ်တစ်ခုဖြစ်သည်။ သို့ရာတွင် ကျောင်းသားဦးရေနည်းပါးခြင်းကြောင့် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျောက်ဖြူ ဥပစာကောလိပ်ကို ပိတ်ခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ်မှ ကျောင်းသား/ သူများသည် ရန်ကုန်နှင့် ပုသိမ်မြို့များသို့သွားရောက်ပြီး တက္ကသိုလ်ပညာကို သင်ကြားကြရသဖြင့် ရခိုင်ပြည်နယ်အတွင်း အဆင့်မြင့်ပညာသင်ယူနိုင်ရေးအတွက် တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ၂ နှစ်သင် စစ်တွေကောလိပ်ကို ဖွင့်လှစ်ပေးသည်။ စစ်တွေကောလိပ်၏ ပထမဆုံးကျောင်းအုပ်ကြီးမှာ ဦးအောင်မြင့်ဖြစ်ပြီး ၁၉၇၇ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် စစ်တွေကောလိပ်မှ ရခိုင်ပြည်နယ်ဒေသကောလိပ်အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ဒေသကောလိပ်ကို စစ်တွေကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်ကို ဂုဏ်ပြုသောအားဖြင့် ၂ နှစ်သင်ကောလိပ်မှ ၄ နှစ်သင် စစ်တွေဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ထိုမှတဖန် ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စစ်တွေဒီဂရီကောလိပ်ကို စစ်တွေတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် ဘာသာရပ်ပေါင်း ၁၃ ခုအားသင်ကြားပိုချလျက်ရှိရာ နေ့သင်တန်းနှင့် အဝေးသင်သင်တန်းများဖွင့်လှစ်လျက်ရှိသည်။