အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ယင်းမာပင်မြို့နယ်များအတွင်း တည်ရှိသည်။ ၁၅၉၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်ကာ အာဆီယံ အမွေအနှစ်ဥယျာဉ်စာရင်းဝင် ဥယျာဉ်တစ်ခုဖြစ်သည်။ မြေအမျိုးအစားများမှာ သဲမြေ၊ ထုံးမြေ၊ ကျောက်စရစ်ခဲမြေ၊ နှုန်း(ရွံ)မြေ၊ သင်ပုန်းကျောက်မြေ စသည့်မြေအမျိုးအစားဖြစ်သည်။ ပျမ်းမျှမိုးရေချိန်မှာ ၂၅ မှ ၅၀ မီလီမီတာအတွင်းရှိပြီး၊ ပျမ်းမျှအပူချိန်မှာ ၁၀ မှ ၄၀ ဒီဂရီစင်တီဂရိတ်ရှိသည်။ ထိန်းသိမ်းထားသော မြေနေရာအတွင်း၌ တောင်တွင်းချောင်းမကြီးနှင့် Pahtolone မြစ်များ စီးဆင်းနေကြသည်။

Patolon သစ်တောထိန်းသိမ်းရေးနယ်မြေကို ၁၈၉၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး တောင်တွင်းသစ်တောထိန်းသိမ်းရေးနယ်မြေကို ၁၈၉၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ ၁၉၄၁ နှစ်တွင် တောင်တွင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အဖြစ် ဗြိတိသျှကိုလိုနီအစိုးရမှ သတ်မှတ်ခဲ့သည်။ ၁၉၈၄ ခုနှစ်(မူကွဲ - ၁၉၈၉ခုနှစ်)တွင် အမျိုးသားဥယျာဉ် အဖြစ် အဆင့်တိုးသတ်မှတ်ခဲ့သည်။

ရွက်ပြတ်တော အမျိုးအစားဖြစ်ပြီး၊ အမြဲစိမ်းတောနှင့် ထင်းရှူးတောများလည်း ပေါက်ရောက်ကြသည်။ သစ်ပင်မျိုးစိတ် ၁၅၀ ခန့်၊ သစ်ခွမျိုးစိတ် ၄၂ မျိုးခန့်၊ ဝါးမျိုးစိတ် ၁၀ မျိုးခန့်၊ ကြိမ်မျိုးစိတ် ၄ မျိုးနှင့် ဆေးဘက်ဝင်သစ်ပင်မျိုးစိတ်ပေါင်း ၅၀ ခန့် သစ်တောအတွင်း၌ ပေါက်ရောက်ကြသည်ဟု မှတ်တမ်းတင်ထားသည်။

တောရိုင်းတိရစ္ဆာန်များအနေဖြင့် ကျားသစ်(Panthera pardus) ကောင်ရေ ၂၀ မှ ၄၀ ခန့်၊ အာရှဆင်(Elephas maximus) ၅၀ ခန့်၊ Gaur ခေါ် ပြောင် (Bos gaurus) ၄၀ ခန့်၊ ဆတ် (Cervus unicolor) အကောင် ၃၀၀၊ ချေ၊ ဝက်ဝံ၊ ကြောင်မျိုးစိတ်တချို့၊ အင်းဆက်များ နှင့် ရေနေသတ္တဝါများ ရှိသည်။ တွားသွားသတ္တဝါ ၁၃ မျိုး၊ လိပ်ပြာမျိုးစိတ်ပေါင်း ၂၄၀၊ ငှက်မျိုးစိတ်ပေါင်း ၂၄၀ လည်းရှိသည်ဟု မှတ်တမ်းတင်ထားသည်။

အမျိုးသားဥယျာဉ်အတွင်း၌ အလောင်းတော်ကဿပ ရဟန္တာအရှင်မြတ်၏ ရုပ်ကလာပ်တည်ရှိရာ လိုဏ်ဂူတော်နှင့် စေတီတော်တည်ရှိသည်။ နှစ်စဉ် ဘုရားပွဲတော်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အများအပြား လည်ပတ်လေ့ရှိသည်။

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

- အလောင်းတော်ရှင် မဟာကဿပ မထေရ်မြတ်ကိန်းဝပ်တော်မူရာ နေရာဒေသသို့ ဖူးမြော်နိုင်ခြင်း၊

- ပျက်စီးမှုအနည်းဆုံးအခြေအနေတွင်ရှိသည့် သစ်တောအမျိုးအစားများစွာကို ကွင်းဆင်းလေ့လာနိုင်ခြင်း၊ သုသေသနပြုနိုင်ခြင်း၊

- ကုန်းတွင်းပိုင်းဌာနေငှက်မျိုးစိတ်များကို လေ့လာကြည့်ရှုနိုင်ခြင်း၊

- အင်တိုင်းတောအမျိုးအစားနှင့် ထင်းရှူးတောအမျိုးအစား တဆက် တစပ်တည်းပေါက်ရောက်မှု အခြေအနေကို လေ့လာနိုင်ခြင်း။