ဆွာချောင်းအတွင်း နစ်မြုပ်နေသော စစ်ကျန်ကုန်ရထားတွဲကို ဆယ်ယူပြီး အများပြည်သူလေ့လာနိုင်ရန် ဆောင်ရွက်သွားမည်

Listing Description

ရေတာရှည်   ဇန်နဝါရီ  ၃

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု ရန်ကုန်-မန္တလေး  ရထားလမ်းဘေးရှိ တံတားကြီးကျေးရွာအနီး ဆွာချောင်းအတွင်း နစ်မြုပ်နေသော ဒုတိယကမ္ဘာစစ်လက်ကျန် ရထားကုန်တွဲ အား ဆယ်ယူ၍ တံတားကြီးကျေးရွာ အနောက်ဘက်အဝင် ပန်းခြံ တည်ဆောက်မည့်နေရာ၌ အများ ပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ နစ်မြုပ်လျက်ရှိသည့် ရထားတွဲအား လာရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ချောင်းအတွင်း ပြုတ်ကျ

တံတားကြီးကျေးရွာသည် ဆွာချောင်းဖြတ်တံတားကြီးနှင့်  အရှေ့ ဘက်ကပ်လျက် တည်ရှိနေခြင်း ကြောင့် ဒုတိယကမ္ဘာစစ်ကာလ ဂျပန်တပ်များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာစဉ် မြန်မာနိုင်ငံ အထက်ပိုင်းသို့ ဆုတ်ခွာလျက်ရှိသည့် ဗြိတိသျှတပ်များက လေယာဉ်ဖြင့် ဗုံကြဲဖျက်ဆီးခဲ့ရာတွင်  ရထားတွဲများ ချောင်းအတွင်း ပြုတ်ကျခြင်းဖြစ် ကြောင်း၊ ကျေးရွာအတွင်း ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ရာ ဗုံးကျင်းနေရာ သုံးခုအထိရှိခဲ့ကြောင်း သိမီလိုက်သော သက်ကြီးရွယ်အိုများက ပြောပြဖူးသည်ကို  ကြားသိရပြီးလက်ရှိ တံတားကြီးနှစ်ခု၏ အောက်၊ အလယ်၊ ဘေးဝဲယာတို့တွင် တံတား အကျိုး အပျက်အပိုင်းအစများစွာ ကျန်ရှိနေဆဲ ဖြစ်သည်။

“စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ဒီရွာလေးမှာ ပြသထားနိုင်အောင် ဆောင်ရွက်ပေးမယ်။ သမိုင်းတစ်ခုလည်း ဖြစ်တော့ ပန်းခြံဆောက်မယ့် နေရာအပေါ်မှာ အုတ်ခုံလုပ်ပြီး အများပြည်သူ ကြည့်ရှု လေ့လာနိုင်အောင်   လုပ်ရမယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း က  ကျေးရွာဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကိုလွင်(ဆွာ)