(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေတာရှည်မြို့နယ် ခန်းမနှင့် နှစ်ထပ်စျေးသစ်ကြီးဖွင့်ပွဲ ကျင်းပ

Listing Description

ရေတာရှည် ဇန်နဝါရီ ၃

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေတာရှည်မြို့နယ် ခန်းမသစ်ကြီး ဖွင့်ပွဲအခမ်းအနားကို ရေတာရှည်မြို့ အမှတ် (၃) ရပ်ကွက်ရှိ ခန်းမသစ်ကြီးရှေ့၌ ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း က အမှာစကားပြောကြားခဲ့ပြီး သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက မြို့နယ်ခန်းမကြီးတည်ဆောက် ရခြင်း၏ ရည်ရွယ်ချက်နှင့် အဆောက်အဦဆိုင်ရာ အချက် အလက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာ ရေးဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (ဥက္ကဋ္ဌ) ဦးခင်မောင်ထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ယခုဖွင့်လှစ်သည့် မြို့နယ်ခန်းမကြီးသည် အာစီအမျိုး အစားဖြစ်၍ အလျား ၁၀၅ ပေ၊ အနံ ပေ ၆၀၊ အမြင့် ၁၄ ပေဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၀၂ ဒသမ ၂၇၉ သန်း၊ စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ် ၄၈ ဒသမ ၅၆၂ သန်း စုစုပေါင်း ငွေကျပ် ၃၅၁ ဒသမ ၃၇၁ သန်းဖြင့် အာရှဓနစွမ်းအားသစ်ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင် ၁၅ ရက်က ပြီးစီး ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ရေတာရှည်မြို့ အမှတ် (၂) ရပ်ကွက် ရန်ကုန်-မန္တလေး ရထားလမ်းအရှေ့ဘက်ကပ်လျက်ရှိသည့် အဆင့်မြင့် နှစ်ထပ်စျေးသစ်ကြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စျေးအတွင်း လှည့်လည်ကြည့်ရှုသည်။

နှစ်ထပ်အဆင့်မြင့်စျေးသစ်ကြီးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၀၉ ဒသမ ၄၁၇ သန်းဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ပြီးစီးခဲ့ခြင်း ဖြစ်သည်။ ယခုဖွင့်လှစ်လိုက်သည့် အဆင့်မြင့်နှစ်ထပ် စျေးသစ်ကြီး၏ အောက်ထပ်တွင် ဆိုင်ခန်း ၃၀၊ ပျံကျစျေး ဆိုင်ခန်း ၈၀၊ အပေါ်ထပ်၌ ဆိုင်ခန်းပေါင်း ၁၆ ခန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ သန်းလွင်