(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်) ဖွင့်ပွဲအခမ်းအနား ကျင်းပ

Listing Description

ရေတာရှည်   ဇန်နဝါရီ   ၂

ပဲခူးတိုင်းဒေသကြီး     ရေတာရှည်မြို့နယ်၌ (၇၃)နှစ်မြောက်  လွတ်လပ်ရေးနေ့ကို  ကြိုဆို ဂုဏ်ပြုသောအားဖြင့်   ရေတာရှည်- ကရင် ချောင်း-လိပ်သိုလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူး တံတား(ရေတာရှည်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။

တံတားအမျိုးအစား

စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) ၏  အရှည်မှာ ပေ ၈၀၀၊ အကျယ် ပေ ၃၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊   လူသွားလမ်း အကျယ်   တစ်ဖက်လျှင် သုံးပေစီဖြစ်သည်။  တံတားအောက် ရေလမ်းကင်းလွတ်အကျယ် ၂၈ မီတာ (၉၂ ပေ)၊   တံတားအောက် ရေလမ်း ကင်းလွတ်အမြင့် ၃ ဒသမ ၇ မီတာ (၁၂ ပေ)၊ ခွင့်ပြုယာဉ်အလေးချိန် HS-25၊ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်သည်။

တည်ဆောက်

အဆိုပါတံတားကို ၂၀၁၈ ခုနှစ် (၆)လ ဘဏ္ဍာနှစ်မှ ၂၀၁၉- ၂၀၂၀  ဘဏ္ဍာနှစ်အထိ   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း  ၁၃၅၀၊    ပြည်ထောင်စု ငွေလုံးငွေရင်း    ရန်ပုံငွေကျပ်  သန်း ၂၁၅၀ စုစုပေါင်း    ရန်ပုံငွေကျပ် သန်း ၃၅၀၀   ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) တံတားအထူးအဖွဲ့ (၆)က     တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)သည် ရေတာရှည်-ကရင်ချောင်း-လိပ်သိုလမ်းကို ဆက်သွယ်ပေးထားပြီး ခရိုင်ချင်းဆက်လမ်းမကြီးအမှတ်(၂)မှ တစ်ဆင့်  တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံး  လမ်းမကြီးကိုလည်း ချိတ်ဆက်ပေးနိုင်မည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအရေးပါသည့် တံတားဖြစ်ကြောင်း၊ ယခုအခါ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသနေ ပြည်သူများ အဆင်ပြေလွယ်ကူစွာ နေ့ညမ‌ရွေးခရီးသွာလာနိုင်ကြပြီဖြစ်၍ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် များစွာဖွံ့ဖြိုးလာကြမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး  ဦးစိုးသိန်း၊   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်   ဒေါက်တာကျော်ကျော်နှင့်  တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်သူတို့က စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး    စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်တို့က စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်) ကမ္ပည်းမော်ကွန်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။

တင်စိုး(ပဲခူး)