ကျောက်စကားကြီးဘုရား

Listing Description

ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ သီရိပစ္စယာရွာရှိ လောကနန္ဒာဘုရားသို့သွားရာ ကားလမ်းတောင်ဘက် အနည်းငယ်မြင့်သောကုန်းမြေပေါ်တွင် တည်ရှိပါသည်။  ပြိုပျက်ကာ အုတ်ကုန်းကြီး၊ အုတ်ပုံကြီးအလား ကာလကြာရှည်စွာ ရှိခဲ့ရာမှ ပုဂံဘုရားများ ပြန်လည်ပြုပြင်ချိန်တွင် ရှေးမူမပျက် ပြန်လည်ပြုပြင်ပြီး ဖြစ်ပါသည်။ ပြုပြင်စဉ်က အုတ်သဲများအား တူးဖော်ရှင်းလင်းသောအခါတွင် ဂန္ဓကုဋိတိုက်ခန်းနှင့် ပလ္လင်အပါအဝင် ၂၄ ပေရှိ ရုပ်ပွားဆင်းတု‌တော်တစ်ဆူ၊ လိုဏ်ပတ်လမ်း မုခ်ချိုင့်များအတွင်းမှ ဖွားတော်မူခန်း ကျောက်ဆစ်လက်ရာတစ်ခု၊ ပုဂံဒေသတွင် တစ်ခုတည်းသာရှိသော အလွန်ရှားပါးသောလက်ရာဖြစ်သည့် မြတ်စွာဘုရားရှင် သက်တောင့်သက်သာနှင့် ဣရိယာပထမျှတစွာ လဲလျောင်းသီတင်းသုံးနေဟန် ထုလုပ်ထားသည့် ကျောက်ဆစ်လက်ရာတစ်ခုနှင့် အကြီးစားအုတ်ခွက်အပြင် အကျိုးအပဲ့များ တူးဖော်ရရှိပါသည်။ ထိုအုတ်ခွက်ကြီးတွင် ရေးထိုးထားသော "ဂြီဝဇာဘရဏ" လက်ရေးစာတန်းအရ ကျောက်စကားကြီးဘုရားမှာ စောလူးမင်း၏ ကောင်းမှုကုသိုလ်ဖြစ်သည်ဟု သိရပါသည်။ ဘုရားအနီးတွင်လည်း စောလူးမင်း၏ကောင်းမှုပင်ဖြစ်သော ဖက်လိပ်ဘုရားနှစ်ဆူအား ကတ္တရာလမ်းသာခြားလျက် ဖူးမြင်တွေ့နိုင်ပါသည်။