ပုပ္ပါးတောင်ကလပ်

Listing Description

ပုပ္ပါးတောင်ကလပ်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အရှေ့တောင်ဘက်တွင် တည်ရှိသော ပုပ္ပါးတောင်အနီးတွင် တည်ရှိပြီး ဗုဒ္ဓဘာသာအဆောက်အအုံများ၊ ဘုရားစေတီများ တည်ရှိရာ နေရာဖြစ်ပါသည်။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ထင်ရှားသည့်နေရာဖြစ်ပြီး ရိုးရာနတ်ကိုးကွယ်မှုကြီးစိုးကာ နတ်များပျော်စံရာ နတ်တောင် (နဂါးတောင်) အဖြစ် လူသိများသည်။ ဆေးဖက်ဝင် အပင်များပေါများရာ ဒေသဖြစ်ပြီး ဇော်ဂျီများဆေးကြိတ်သည်ဟုဆိုသော ဆေးကျောက်ပြင်မှာလည်း တောင်ကလပ်အထက်တွင် တည်ရှိသည်။ ပုပ္ပါးတောင်ကလပ်သည် မီးငြိမ်းတောင်ဖြစ်သော ပုပ္ပါးတောင်၏ ပထဝီဆိုင်ရာ လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာသည့် တောင်ကလပ်တစ်ခုဖြစ်ပါသည်။ ပုပ္ပါးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေမြင့်ပြီး ပုပ္ပါးတောင်ကလပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၄၁၇ ပေမြင့်ပါသည်။ ပုပ္ပားတောင်ကလပ်သည် ပုဂံ-ညောင်ဦး ခရီးစဉ်လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် အသွား (သို့မဟုတ်) အပြန်ခရီးစဉ်အဖြစ် ဝင်ရောက်လည်ပတ်လေ့ရှိသည့် နေရာတစ်ခုဖြစ်ပြီး သဘာဝ တောတောင်ရေမြေရှုခင်း အလှများကြောင့် နိုင်ငံရပ်ခြား ခရီးသွားများကို ဆွဲဆောင်သည့်နေရာတစ်ခုဖြစ်ကာ ထွက်ရပ်ပေါက် ဝိဇ္ဇာတပသီများ ပျော်မွေ့ရာနေရာအဖြစ်လည်း ပြည်တွင်းခရီးသွားများ စိတ်ဝင်စားစွာ လာရောက်လည်ပတ်လေ့ရှိသည့် နေရာတစ်ခုဖြစ်ပါသည်။