မြန်မာနိုင်ငံမှာသာရှိသည့် ပုပ္ပါးမျောက်မြီးရှည်မျိုးဆက်သစ် မျိုးတုံးပျောက်ကွယ်မှုမရှိစေရေး ထိန်းသိမ်းရန်လိုအပ်

Listing Description

ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၂

ပြီးခဲ့သည့်နိုဝင်ဘာလ ဒုတိယအပတ်အတွင်း နိုင်ငံတကာသုတေသန အဖွဲ့ အစည်းများက မျိုးစိတ်သစ်အဖြစ်အတည်ပြုသတ်မှတ်လိုက်သော ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှာသာရှိသည့် ပုပ္ပားမျောက်မြီးရှည်မျိုးစိတ်သည် မျိုးတုံးမည့်အန္တရာယ်ဖြင့် ရင်ဆိုင်နေရခြင်းကြောင့် အချိန်မီဝိုင်းဝန်း ကာကွယ် ထိန်းသိမ်းရန်လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့- (မြန်မာ)FFIမှ မြန်မာနိုင်ငံ အစီအစဉ်မန်နေဂျာ ဦးငွေလွင် က ပြောသည်။

မြန်မာနိုင်ငံ၏ဒေသရင်းမျိုးစိတ်ဖြစ်သည့် ပုပ္ပားမျောက်မြီးရှည် မျိုးစိတ်သည် သစ်ရွက်စား မျောက်မျိုးစိတ်များမှ မျိုးစိတ်တစ်ခုဖြစ်ပြီး အခြားသိရှိပြီး မျိုးစိတ်များနှင့်လည်း အမွေးအရောင်၊ အအရှည်နှင့် အရိုးအဆစ်များ ကွဲပြားခြားနားကာ ကောင်းမွန်သော သစ်တောနယ်မြေများ၌ တွေ့ရလေ့ရှိသည်ဟု ဆိုသည်။

“ဒီမျောက်မျိုးစိတ်က တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံမှာပဲရှိတာ၊ အရင်တုန်းက မျောက်မျက်ကွင်းပြလို့ သိထားတာကနေပြီး DNAနဲ့ စစ်ပြီးတဲ့အခါကြမှ မျိုးစိတ်အသစ်ပြန်ပြီးထွက်လာတာဖြစ်တယ်။ ပုပ္ပားတောင်ကို ဂုဏ်ပြုပြီး ပုပ္ပားမျောက်မြီးရှည်လို့ ခေါ်ဆိုတာဖြစ်တယ်။ အခုဆိုရင် ပုပ္ပားမျောက်မြီးရှည် မျိုးစိတ်ဟာ မျိုးတုံးလုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်”ဟု မြန်မာနိုင်ငံ အစီအစဉ်မန်နေဂျာ ဦးငွေလွင်က ပြောသည်။

ပုပ္ပားမျောက်မြီးရှည်ကို သုတေသနပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ ဒေသလေးခုတွင် အကောင်ရေ ၂၀၀ မှ ၂၅၀ သာကျန်တော့ကြောင်း၊ ပုပ္ပားတောင်တွင် အကောင်ရေ ၁၀၀ ကျော်ခန့်တွေ့ရှိရသဖြင့် အကောင်ရေအများဆုံးတွေ့ရှိသည့်ဒေသအဖြစ် မှတ်တမ်းတင် အတည်ပြုထားကာ အချိန်မီကာကွယ် ထိန်းသိမ်း မစောင့်ရှောက်နိုင်ပါက မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်အဖွဲ့-(မြန်မာ)မှတာဝန်ရှိသူများက ပြောကြားသည်။

ပိန်းဇလုပ်သိန်းညွန့်