ဂုဏ်ယူမှန်းဆ ... လွမ်းရပါကြောင်းရေနံချောင်းမြို့က ... အမျိုးသားကျောင်း

Listing Description

ဒေါက်တာနီလာသိန်း

(လင်းရောင်သစ်)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဟာ ထူးခြားလှတဲ့ နှစ်၊ လ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် ရာပြည့်၊ ရန်ကုန်တက္ကသိုလ် ရာပြည့်၊ အမျိုးသားအောင်ပွဲရာပြည့်၊ အမျိုးသားကျောင်း ရာပြည့်စတဲ့ နှစ်တစ်ရာပြည့် အမှတ်တရတွေနဲ့ တိုက်ဆိုင်နေတာကြောင့် စာပေ၊ ကဗျာ၊ ဂီတ၊ အငြိမ့် သဘင် အနုပညာတွေနဲ့ ရေးသားဖော်ပြအောက်မေ့တသ ကြတာကို တဝကြီး တွေ့မြင်နေရပါတယ်။

ကျွန်မတို့ မသိမမီလိုက်တဲ့ အတိတ်ခေတ်ကာလ တွေရဲ့ သမိုင်းပုံရိပ်တွေကို သိရှိခွင့်ရတဲ့အခါ၊ ကြည့်ရှု ခွင့်ရတဲ့အခါ ကျွန်မကြီးပြင်းခဲ့ရာ ရေနံချောင်းဆိုတဲ့ မြို့လေးနဲ့အတူ သမိုင်းဝင် နေရှင်နယ်အမျိုးသား အထက်တန်းကျောင်းရဲ့ ရာဇဝင်သမိုင်းကြောင်းတွေကို ကျောင်းသူဟောင်းတစ်ယောက်အနေနဲ့ ပြန်ပြောင်း တမ်းတ သတိရမိပါတယ်။ ‘ရေနံချောင်း’ ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့တင် ကျွန်မရဲ့ဦးနှောက်က အလုပ် များစွာလုပ်ပြီး နှလုံးသားက ပူနွေးလှိုက်လှဲလာခဲ့ရ ပါတယ်။

တကယ်တော့ ရေနံချောင်းမြို့ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးသမိုင်းမှာ မပါမဖြစ် အထင်ကရရှိခဲ့တဲ့ မြို့၊ သမိုင်းခိုင်မာတဲ့မြို့ ဖြစ်ပါတယ်။ အဘိုး သခင် ကိုယ်တော်မှိုင်းသမိုင်းစခဲ့တဲ့မြို့၊ တို့ဗမာအစည်းအရုံး ပထမဆုံးကျင်းပရာ နေရာမှန်၊ ‘လည်ပေါ် တန်ဆောင်းနဲ့ သခင်အောင်ဆန်း’ တို့လို မျိုးချစ်သူရဲကောင်းတွေ အောင်မြေနင်းခဲ့တဲ့မြို့၊ ကိုအောင်ဆန်းရဲ့ ပထမအရွယ် ကျောင်းသားဘဝ နေထိုင်ခဲ့ရာ ရွှေကြာငုံရပ်ကွက်နဲ့ အမျိုးသားနေရှင်နယ်ကျောင်း တည်ရာမြို့၊ နယ်ချဲ့ ဆန့်ကျင်ရေး အလုပ်သမားထုကြီးရဲ့ ကျေးဇူးရှင် သခင် ဖိုးလှကြီးရဲ့ အောင်ပွဲရင်ပြင်မြို့စတဲ့ နောက်ခံသမိုင်း ကြောင်းတွေကို ပြောရရင်ဖြင့် တစ်ထောင့်တစ်ညမက ရှိနေပါလိမ့်မယ်။

ပုဂံ အလောင်းစည်သူမင်းလက်ထက် ရေနံတွေက ချောင်းသဖွယ် စီးဆင်းခဲ့ပြီး သုံးချောင်းငင် လက်ယက် တွင်းမှသည် သံပန်းမျှော်စင်ကြီးတွေ တဝေဝေနဲ့ ‘မီးမငြိမ်းမြို့တော်’ ရယ်လို့ ရာဇဝင်တွင်ခဲ့တဲ့ သမိုင်းဝင် မြို့ ဖြစ်ပါတယ်။

ဒါကြောင့်လည်း-

ရေနံချောင်းဆိုတာ

ရေနံချောင်းဆိုတာ . . . အနိမ့်အမြင့် တောင်တန်း တွေနဲ့

ကျွန်ဘဝရဲ့ ကယ်တင်ရှင်အခေါင်နန်း

သခင်အောင်ဆန်းကို. . . စင်တင်ပေးခဲ့တဲ့မြို့။

(နန္ဒာနောင်မိုး)

ရေနံချောင်းဆိုတာ. . .ဧရာဝတီကမ်းနံဘေး. . . ပြုံးပြုံးလေးရပ်နေတဲ့ မြို့

ဒုတိယပုဂံလို့ တင်စား . . . စေတီဘုရားများတဲ့မြို့

ဘိုးဘွားအမွေနဲ့မြို့. . .တွင်းစားတစ်တွေနေခဲ့တဲ့ မြို့

‘ကျောက်ကာ၊ ကျောက်တံခါး၊ ဆိပ်သာကွန်း ထောက်၊ ရေနံသာ၊ ရေနံချောင်း’

စတဲ့ ငါးမည်ရ ငါးဘွဲ့ခံ . . . ရာဇဝင်ထဲကမြို့။

(သစ္စာမောင်- ရွှေကျွန်း)

ရယ်လို့ ရေနံသာရဲ့ ကဗျာဆရာကြီးတွေက ရေးဖွဲ့ခဲ့ ပြန်ကြတယ်။

အဲဒီရေနံချောင်းမြို့ ရွှေကြာငုံရပ်ကွက်က အမိန့် တော်ရရှေ့နေကြီး ဦးဘသက်ရဲ့အိမ်မှာ ဗိုလ်ချုပ်တို့ ညီအစ် ကိုတွေ နေထိုင်ခဲ့ကြတယ်။ ကျွန်မတို့က ဘဘသက်လို့ခေါ် တဲ့ ဦးဘသက်အိမ်ကနေဆင်းလာပြီး ဘယ်ဘက်ကို ကွေ့၊ လမ်းနှစ်သွယ်ကိုကျော်၊ တောင်ကုန်းခပ်ပြေပြေကိုတက်၊ ဘယ်ဘက်ကိုချိုးကွေ့လိုက်ရင် ကုန်းမော့မော့ရဲ့အဆုံး တောင်ကုန်းထိပ်မှာ အမျိုးသားအထက်တန်းကျောင်း တည်ရှိပါတယ်။ အဲဒီကျောင်းမှာ ဗိုလ်ချုပ်တို့ ညီအစ်ကို ပညာသင်ကြားခဲ့ကြတယ်။ ကျွန်မတို့ မောင်နှမလေးယောက် လည်း အဲဒီကျောင်းမှာပဲ မူလတန်း ပညာသင်ကြားခဲ့ကြတာ ပါ။ ၁၉၇၀ ပြည့်နှစ်မှာ ကျွန်မဖေဖေက ပညာအုပ်ရာထူးနဲ့ ပခုက္ကူကနေ ရေနံချောင်းကို ပြောင်းရွှေ့လာရတယ်။ ဖေဖေ၊ မေမေတို့က နတ်မောက်သူ နတ်မောက်သားတွေ ဖြစ်လေတော့ ရေနံချောင်းရောက်တဲ့အခါ ကိုယ့်ရဲ့ ဇာတိသား ရပ်ဆွေရပ်မျိုးတွေရှိနေတဲ့ ရွှေကြာငုံရပ်ကို ရွေးချယ်ခဲ့ကြပါတယ်။

ကျွန်မတို့အိမ်က ရွှေကြာငုံရပ်ကွက် သစ္စာလမ်းရဲ့ တောင်ကုန်းထိပ်မှာ ရှိတယ်။ ကပ်လျက်အိမ်က ဒေါ်ကြီးညို နဲ့ ဦးလေးမောင်မောင်တို့ မောင်နှမရဲ့အိမ် ဖြစ်တယ်။ စာရေးဆရာကြီး နတ်မောက်ဘုန်းကျော်+ဒေါ်အေးရီ (စာရေးဆရာမကြီးညိုညက်)တို့ရဲ့ မောင်နှမတွေ ဖြစ် တယ်။ (အဲဒီအိမ်က ဘဘသခင်ခင်ညွန့်ရဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲကာလ NLD ရုံးစိုက်ရာအိမ်လည်း ဖြစ်ခဲ့ တယ်။) မျက်နှာချင်းဆိုင်တစ်အိမ်ကျော်မှာတော့ အမြတ်ခွန် ဝန်ထောက်ဦးဘသန်း+ဒေါ်တင်အိ မိသားစု။ ဦးဘသန်းရဲ့ ကျောချင်းကပ်အိမ်က ဦးဘသက်ရဲ့အိမ် ဖြစ်ပါတယ်။ ဦးဘသက်အိမ်ရဲ့ တစ်အိမ်ကျော်မှာတော့ ရှေ့နေ ဦးဘဂျမ်းရဲ့အိမ် ရှိပါတယ်။ နတ်မောက်သားတွေ ဖြစ်သလို ဆွေမျိုးသားချင်းတွေလည်း ဖြစ်ကြတာကြောင့် တစ်အိမ်နဲ့တစ်အိမ် ကူညီရိုင်းပင်းကြတယ်။ ကျွန်မတို့ မိသားစုကိုလည်း အထူးစောင့်ရှောက်ခဲ့ကြပါတယ်။

ကျွန်မတို့ ရေနံချောင်းကို ပြောင်းလာတော့ ဘဘ သက်က မရှိတော့ပါဘူး။ အဲဒီအိမ်ကြီးမှာ ဘဘသက်ရဲ့ ဇနီး ဒေါ်မြသင် (မေမေသင်)နဲ့ ညီမဖြစ်သူ ဒေါ်ခင်စု (မေမေစု) တို့ရဲ့ သားသမီး မိသားစုတစ်တွေပဲ ရှိကြပါ တယ်။ ဘဘသက်ရဲ့ သမီးငယ် ဒေါ်အေးနွဲ့ရီက ဗိုလ်ချုပ် ကျောင်း (ယခင်အမျိုးသားအထက်တန်းကျောင်း) မှာ ဆရာမ ဖြစ်ပါတယ်။ ကျွန်မတို့ မောင်နှမတွေက ကျောင်းဆင်းတာနဲ့ ရေမိုးချိုး၊ စားသောက်ပြီး ဘဘသက် တို့ အိမ်ကိုသွားကာ အန်တီဒေါ်အေးနွဲ့ရီထံမှာ စာသင်ကြ ရပါတယ်။ စာသင်လိုက်၊ မုန့်စားလိုက်၊ ကစားလိုက်နဲ့ ဘဘသက်တို့အိမ်က ကလေးတွေပျော်တဲ့အိမ်လည်း ဖြစ်ပါတယ်။ စာသင်တဲ့ ဆရာမ အန်တီနွဲ့ကို ကြောက်ရ ပေမယ့် ဘဘသက်ရဲ့ဇနီး မေမေသင်နဲ့ မေမေစုတို့ ညီအစ်မ က ကလေးတွေရဲ့ ဆိုးမျိုးကို ခံနိုင်တယ်။ ကျွန်မတို့ ဘယ်လောက်ဆော့ဆော့၊ ဆူဆူ ဘယ်တော့မှ မျက်နှာ မငြိုဘူး၊ သူတို့ရဲ့မိသားစုတွေ အားလုံးကလည်း စုစု စည်းစည်း ချစ်ချစ်ခင်ခင်နေကြတယ်။ ကျွန်မ ငယ်စဉ် ကတည်းက သူတို့ဆီက ရှေးစကားတွေ ကြားခဲ့ရတယ်။ အရင်ကတော့ သူတို့အိမ်မှာ ဗိုလ်ချုပ် ငယ်စဉ်ကရေးခဲ့တဲ့ လေ့ကျင့်ခန်းစာအုပ် အဟောင်းတွေ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ ဘဘသက်ဆီကို ရေးပို့တဲ့စာတွေ၊ ဂျပန်ပြည်ကနေ ရေးပို့တဲ့စာတွေ ထင်းရှူးသေတ္တာထဲမှာ သေချာသိမ်းဆည်းထားတာပါ။ အဲဒီနောက်တော့ ရေနံချောင်းမှာ မီးကမကြာခဏလန့်တော့ သိမ်းရင်း၊ ဆည်းရင်း မိသားစုတွေ တစ်ယောက်တစ်နေရာ စီ ဖြစ်သွားတဲ့အခါ အားလုံးပျောက်ပျက်ကုန်တယ်လို့ ဆိုပါတယ်။

ဆရာရေနံ့သာဝင်းမောင် ရေးသားတဲ့ ဗိုလ်ချုပ်ရဲ့ ပထမအရွယ် စာအုပ်ထဲမှာ (ဦးဘငြိမ်းရဲ့သား) သခင် ခင်ဇော်က သူငယ်ချင်းကိုအောင်ဆန်းထံ စာကူးဖို့ သွားရောက်ခဲ့တဲ့အခါ ကိုအောင်ဆန်းက သူ့အိမ်နဲ့ မနီးမဝေး မှာရှိတဲ့ မြင်းဇောင်းထဲမှာ စာကျက်နေတယ်လို့ ရေးထား ပါတယ်။ အမှန်တော့ အဲဒီမြင်းဇောင်းရှိတဲ့အိမ်က ကျွန်မတို့ အိမ်ရဲ့ရှေ့က အခု ‘ဆရာမဒေါ်အေးမြင့်’ ရဲ့ အိမ်ဖြစ်ပါတယ်။

ကျွန်မငယ်ငယ်က အဲဒီအိမ်ထဲမှာ ဆော့ကစားကြတဲ့အခါ အိမ်ရှင်ဖြစ်တဲ့ ဘသာမက်၊ ဘဂျင်မီ၊ ဒေါ်ခင်ညွန့်၊ ဒေါ်ကရေစီနဲ့ ဘိုင်ကြီးတို့ရဲ့ ရှေးစကားတွေကို အကြိမ် ကြိမ်အခါခါ ကြားခဲ့ရဖူးတယ်။ ယခင်က အဲဒီခြံကြီးထဲမှာ နှစ်ထပ်အိမ်အမြင့်ကြီးရှိပြီး အောက်ထပ်မှာ မြင်းတွေထားတယ်။ အိမ်က ဘယ်လောက်မြင့်သလဲ ဆိုရင် မြင်းစီးပြီးဝင်ရင်ကို မြင်းတစ်ခုန်ထက် မြင့်တယ်လို့ ဆိုပါတယ်။ “ကိုအောင်ဆန်းဟာ မြင်းစီးလည်း ကျွမ်း တယ်။ တစ်ခါတလေ ကျောင်းကို မြင်းစီးပြီးသွားတယ်။ အဲဒီမြင်းဇောင်းထဲမှာ စာဖတ်တယ်၊ စာကျက်တယ်”လို့ အဘတို့က ပြောပါတယ်။

အဲဒီအချိန်ကတည်းက ကျွန်မတို့ မောင်နှမတစ်တွေ က ဗိုလ်ချုပ်တို့ နေထိုင်ခဲ့ရာ ရပ်ကွက်နဲ့ ပညာသင်ကြား ခဲ့ရာကျောင်းမှာ နေထိုင်ခွင့်ရခဲ့တာကို ဂုဏ်ယူပြီး စိတ်ကြီး တွေ ဝင်ခဲ့မိရပါတယ်။

ဗိုလ်ချုပ်ဟာ ၁၉၂၈ ခုနှစ်ကနေ ၁၉၃၂ ခုနှစ်အထိ ရေနံ ချောင်းမှာ နေထိုင်ခဲ့တာပါ။ ၁၉၂၂ ခုနှစ် အသက် ခုနစ်နှစ် အရွယ်မှာ ဇာတိနတ်မောက်မြို့ဆရာတော် ဦးသောဘိတ ကျောင်းမှာ မူလတန်းပညာကို သင်ကြားခဲ့ပါတယ်။

အလယ်တန်းပညာသင်ယူဖို့ ရေနံချောင်းကို သွားချင် ကြောင်း မိဘတွေကို ပူဆာတဲ့အခါ မိခင်ဖြစ်သူ အမေစုက သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ‘သားငယ်’ရဲ့ ပြင်းပြတဲ့ဆန္ဒကို ခွင့်ပြုခဲ့ရပါတယ်။ အဲဒီလို ရေနံချောင်းမှာ ကျောင်းတက်ခဲ့ရတာကလည်း ဖခင်ဖြစ် သူ ရှေ့နေကြီး ဦးဖာရဲ့ ရှေ့နေလိုက်ဖော်လိုက်ဖက် မိတ်ဆွေရင်းတွေဖြစ်တဲ့ ဦးဘသက်၊ ဦးဘဂျမ်းတို့နဲ့ ဆက်စပ်မှုကြောင့်လည်း ဖြစ်ပါတယ်။ ဦးဖာနဲ့ ဦးဘသက် က တူဝရီးလည်း တော်စပ်တယ်လို့ ဆိုပါတယ်။ ပထမ ဦးစွာ မိဘများက သားကြီးဖြစ်တဲ့ ‘ဦးဘဝင်း’ ကို အရင် ပို့ပြီးမှ ဦးအောင်သန်းကို ပို့ပါတယ်။ အဲဒီနောက်မှ ကိုအောင်ဆန်းနဲ့ ကိုမေအောင် (ညီဝမ်းကွဲ) ကို ပို့ခဲ့တာ ဖြစ်ပါတယ်။ ဦးဘဝင်းက ၁၉၀၁ ခုနှစ်ဖွားဆိုတော့ ဗိုလ်ချုပ်နဲ့ ၁၄ နှစ်ကွာပါတယ်။ ဦးဘဝင်းက ရေနံချောင်း အမျိုးသားကျောင်းကနေ ၁၀ တန်းကို ဂုဏ်ထူးသုံး ဘာသာနဲ့ အောင်မြင်ပြီး တစ်ကျောင်းလုံးမှာ ပထမစွဲခဲ့ပါ တယ်။ ကျောင်းပြီးတဲ့အခါ ရေနံချောင်းအမျိုးသား ကျောင်းမှာပဲ အထက်တန်းပြအဖြစ် တာဝန်ယူခဲ့ပါ တယ်။

၁၉၂၈ ခုနှစ် မေလဦးမှာ ကိုအောင်ဆန်းဟာ ရေနံ ချောင်းကို စတင်ရောက်ရှိခဲ့ပါတယ်။ ဇွန်လမှာ စတုတ္ထ တန်းကို တက်ပါတယ်။ နိုဝင်ဘာလမှာ စာမေးပွဲဖြေဆို ရပြီး ထူးချွန်စွာ အောင်မြင်ခဲ့တဲ့အတွက် ဆဋ္ဌမတန်းကို တန်းကျော်တက်ခွင့်ရခဲ့တယ်။ ၁၉၂၉ ခုနှစ် ဇွန်လမှာ သတ္တမတန်းတက်ရပြီး ၁၉၃၀ ပြည့်နှစ် မတ်လမှာ ကျင်းပ တဲ့ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲကို မြန်မာ တစ်နိုင်ငံလုံး နဝမစွဲခဲ့တယ်။ အထက်တန်း စကောလား ရှစ်ရခဲ့ပြီး ဗုဒ္ဓဘာသာနဲ့ အမျိုးသားကျောင်းများအနက် ပထမစွဲခဲ့တာကြောင့် ‘ဦးရွှေခို’ ဆုကို ရခဲ့တယ်။ ဆုတံဆိပ်ဟာ အလယ်မှာ ‘မိုးကြိုး’၊ ဘေးမှာ ငွေပတ် လည်ဝိုင်းထားတဲ့ ‘ညောင်ရွက်ဒိုင်းပုံ’ တံဆိပ်ဖြစ်ပါတယ်။ တံဆိပ်မှာ ‘မောင်အောင်ဆန်း ၇ တန်း၊ အမျိုးသားအထက် တန်းကျောင်း ရေနံချောင်းမြို့’ လို့ စာထွင်းထားပါတယ်။

၁၉၃၀ ပြည့်နှစ် ဇွန်လမှာ အဋ္ဌမတန်း တက်ရောက် ခဲ့ပါတယ်။ ၁၉၃၁ ခုနှစ် မေလ ၁၈ ရက်မှာ ဖခင်ဖြစ်သူ ရှေ့နေကြီးဦးဖာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၃၂ ခုနှစ် မတ်လမှာတော့ ၁၀ တန်းဖြေဆိုခဲ့ပါတယ်။ ပါဠိဘာသာနဲ့ မြန်မာဘာသာ ဂုဏ်ထူးတို့နဲ့ အောင်မြင်ခဲ့ပြီး ၁၉၃၂ ခုနှစ် ဇွန်လမှာ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ဘာသာရပ် ကျွမ်းကျင်မှုနဲ့ပတ်သက်ရင် ဗိုလ်ချုပ်ဟာ ရေနံချောင်းအမျိုးသားကျောင်းမှာ နေစဉ်ကတည်းက အင်္ဂလိပ်စာအရေးအသား ထူးချွန်လှပါတယ်။ ရေနံ ချောင်း အမျိုးသားကျောင်းမှာ ဆရာကောင်းတွေနဲ့ တွေ့ကြုံခဲ့ရတယ်။ သင်္ချာဆရာက အစ်ကိုဖြစ်သူ ဦးဘဝင်းဖြစ်ပြီး မြန်မာစာဆရာက ဆရာကြီး ဦးဘသန်း (စာရေးဆရာ သျှင်သန်းမေ)၊ အင်္ဂလိပ်စာနဲ့ ပါဠိဆရာက ဆရာကြီး ဦးခင်သန်း ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူ ဦးဘဝင်းဟာ သူတော်သလို သူ့ညီ တွေကို တော်စေချင်၊ စည်းကမ်းရှိစေချင်တယ်။ နေ့တိုင်း သတင်းစာဖတ်တဲ့အကျင့် လုပ်ပေးတယ်။ ညနေကျောင်း ဆင်းရင်လည်း အပြင်မထွက်ရဘူး။ ကျောင်းက ပေးလိုက် တဲ့ စာတွေပြီးအောင်လုပ်ရတယ်။ သင်္ချာပြ ဆရာဆိုပေမယ့် တခြားဘာသာတွေ၊ အင်္ဂလိပ်စာ စာစီစာကုံးတွေကို လေ့ကျင့်ခိုင်းတယ်။ တစ်လကို ရုပ်ရှင်ကြည့်ခွင့် နှစ်ကြိမ်ပေး တယ်။ ရေနံချောင်း စီနီမာရုံမှာ အင်္ဂလိပ်ရုပ်ရှင်ကားတွေ ကြည့်ရတယ်။ ပြန်လာရင် ကြည့်ခဲ့တဲ့ရုပ်ရှင်ကားကို ချက်ချင်း အင်္ဂလိပ်လို ပြန်ပြီးရေးပြရတယ်။ ဒါကြောင့် အင်္ဂလိပ်စာမှာ ထူးချွန်လာသလို တခြားသော မကောင်းတဲ့ ပတ်ဝန်းကျင်တွေနဲ့ပေါင်းဖို့ အချိန်မရတော့ဘူးလို့ ဆိုပါ တယ်။ ဆရာကြီး ဦးခင်သန်းကလည်း ဗိုလ်ချုပ်တို့ရဲ့ အင်္ဂလိပ်စာ အခြေခံကောင်းကို မျိုးစေ့ချပေးခဲ့သူ ဖြစ်တယ်။

ဆရာ ရေနံ့သာဝင်းမောင်က “ဗိုလ်ချုပ်အောင်ဆန်း ၏ ရေနံချောင်း အမျိုးသားကျောင်းသားဘဝ ပထမအရွယ်” စာအုပ်ကိုရေးတော့ ဆရာကြီးဦးခင်သန်း အသက် (၉၀) ကျော် ကျန်းမာနေစဉ်မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သူ ဖြစ်ပါ တယ်။ အဲဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်ရဲ့ သူငယ်ချင်းဖြစ်သူ သခင်ခင်ဇော်နဲ့ ငယ်ဆရာရင်းဖြစ်တဲ့ ဦးခင်သန်းတို့ရဲ့ ပြောပြချက်တွေကတစ်ဆင့် ကျွန်မ သိလိုရာတွေ သိရှိရပါ တယ်။ ဒါ့အပြင် ရေနံချောင်းမြို့နယ်အသင်းက ထုတ်ဝေတဲ့ ‘ရေနံ့သာမဂ္ဂဇင်း ၁/၂/၃’ မှာလည်း ဗိုလ်ချုပ်ကို သိမီလိုက်သူ တွေ၊ အမျိုးသားကျောင်းဆရာဟောင်း၊ ကျောင်းသား ဟောင်းကြီးတွေရဲ့ သမိုင်းဖြစ်ရပ်မှန် အကြောင်းအရာတွေကို ရေးသားထားကြပါတယ်။

အဲဒီဆောင်းပါးမှတ်တမ်းတွေအရ ဆရာကြီး ဦးခင် သန်းဟာ စာအသင်အပြ ကောင်းရုံတင်မကဘဲ ဂီတပညာ မှာပါ ထူးချွန်လှကြောင်း၊ တယော၊ ပတ္တလားကို ကောင်းစွာ တီးခတ်နိုင်သူဖြစ်ကြောင်း သိရပါတယ်။ ရေနံချောင်း အမျိုးသားကျောင်းရဲ့ ထင်ရှားတဲ့ စကား ရည်လုပွဲတွေဖြစ်တဲ့ (၁) တောက မြို့ထက်သာတယ်၊ (၂) မြန်မာ ရဟန်းတော်များ အင်္ဂလိပ်စာသင်သင့်ကြောင်း၊ (၃) မြန်မာတိုင်း မြန်မာတိုင်း တိုင်းရင်းဖြစ်ကို ဝတ်ဆင်သင့်သည် စတဲ့ခေါင်းစဉ် တွေမှာ အဆိုရှင်ဘက်က ယှဉ်ပြိုင်ပြောဆိုမယ့် ကိုအောင်ဆန်းကို အနီးကပ်သင်ပြပေးခဲ့တဲ့ အဖွဲ့ခေါင်းဆောင်ဆရာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာ ဆရာကြီးဦးခင်သန်း မရှိတော့ပေမယ့် ဆရာကြီးရဲ့မျိုးဆက်တွေ ရှိနေပါတယ်။ စမ်းချောင်း ဟင်္သာတလမ်းမှာနေတဲ့ သားဖြစ်သူ အန်ကယ် ဦးခင်မောင်ညွန့်ထံသို့ ရှေးစကားတွေ သွားရောက်မေးမြန်း လိုပေမယ့် ကိုဗစ်ကာလဖြစ်တဲ့အတွက် အားနာတာကြောင့် မမေးဖြစ်ခဲ့ပါဘူး။

ကံအားလျော်စွာပါပဲ ကျွန်မဆီမှာ ကိုးကားစရာ ‘ဆရာမောင်စိမ်းနီ စုစည်းထားတဲ့ စာရေးဆရာ ကိုအောင်ဆန်း (၁၉၁၅-၁၉၄၇) စာအုပ်’က ရှိနေခဲ့ပါတယ်။ အဲဒီ စာအုပ်ကို အန်ကယ်ဦးအေးသန့် (ယခင်နာရေးကူညီမှု အသင်း ဥက္ကဋ္ဌဟောင်း) နဲ့ အန်တီဒေါ်အေးရီတို့က ၃၁-၅-၂၀၁၁ ရက်စွဲနဲ့ လက်ဆောင်ပေးခဲ့တာပါ။ အခုတော့ အန်ကယ်က မရှိတော့ပါဘူး။ စာအုပ်ရဲ့ ပထမစာမျက်နှာမှာ ‘ရေနံချောင်းအမျိုးသားကျောင်းရောက် ဗိုလ်ချုပ်ရဲ့ ပုံများ၊ အကြောင်းအရာများ၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်းရန်’ လို့ ရေးသားထားပါတယ်။ အဲဒီစာအုပ်ထဲမှာ ဗိုလ်ချုပ် တို့မိသားစုရဲ့ ရှားပါးဓာတ်ပုံများစွာနဲ့ ဆောင်းပါးပေါင်း ၅၉ ပုဒ် ပါရှိပါတယ်။ ဆောင်းပါးတွေထဲမှာ ဆောင်းပါးရှင် သုတေသီရေးသားတဲ့ ‘ဆရာကြီးဦးခင်သန်းနဲ့ တက္ကသိုလ် နေဝင်း’ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတယ်။ စာပါ အကြောင်းအရာကတော့ ၁၉၉၅ ခုနှစ် မေလထုတ် နွယ်နီ မဂ္ဂဇင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲဖြစ်တဲ့ တက္ကသိုလ် နေဝင်း ရေးသားတဲ့ဆောင်းပါးမှာ ‘ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာစာကိုသာ အဓိက အထူးဦးစားပေး သင်ကြား သည့် ရေနံချောင်းနေရှင်နယ် အမျိုးသားကျောင်းက’လို့ ရေးသားခဲ့ပါတယ်။ အဲဒီစာအရ ရေနံချောင်း အမျိုးသား ကျောင်းဟာ မြန်မာစာတစ်ခုတည်းကိုသာ ဦးစားပေး သင်ကြားတယ်လို့ သဘောသက်ရောက်နေတဲ့အတွက် ဗိုလ်ချုပ်ရဲ့ ငယ်ဆရာလည်းဖြစ်၊ အင်္ဂလိပ်စာဆရာလည်း ဖြစ်တဲ့ ဆရာကြီးဦးခင်သန်းက စာတစ်စောင် ပြန်လည် ရေးသားပေးပို့ခဲ့ပါတယ်။ တက္ကသိုလ်နေဝင်းကလည်း ဆရာကြီးရဲ့ ရှင်းလင်းချက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ရယ်လို့ ဖြစ် လာမယ့် နတ်မောက်မြို့သား ကိုအောင်ဆန်းဟာ ရေနံချောင်း အမျိုးသားကျောင်းမှာ ပညာသင်ကြားနေစဉ် အခါကပင် အင်္ဂလိပ်စာ ထူးချွန်သူဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားအဖြစ် သိရတဲ့အတွက် ကျေးဇူးတင်ရှိပါ ကြောင်း ရေးသားထားတဲ့ စာနှစ်စောင်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။

အမှန်တကယ်လည်း ရေနံချောင်းအမျိုးသားအထက် တန်းကျောင်းမှာ ကျောင်းသားတွေဟာ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ပါဠိ၊ သင်္ချာ၊ ရာဇဝင်နဲ့ ပထဝီ စတဲ့ ဘာသာရပ်တွေ သင်ကြားရပါတယ်။ ဗိုလ်ချုပ်ကျောင်းသားဘဝက ကျောင်းအုပ်ကြီးတာဝန်ယူခဲ့သူ ဆရာကြီး ဦးပုဟာဆိုရင် အိန္ဒိယမှာ ဘီအက်စ်စီဘွဲ့၊ လန်ဒန်မှ ဘီအက်စ်စီဘွဲ့တွေ ယူခဲ့ရုံမက သတ္တုပါရဂူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ဟာ ရေနံချောင်းဆိုတဲ့ဒေသမှာ ဆရာကောင်း သမားကောင်းတွေရဲ့သွန်သင်ညွှန်ပြမှုအောက်မှာ ပညာ သင်ကြားခဲ့ရတယ်။ ပညာရေးသာမက မျိုးချစ်စိတ်ဓာတ် တွေ ရှင်သန်နိုးကြားစေခဲ့တယ် ။ နိုင်ငံရေးအမြင်တွေ သန္ဓေတည်ခဲ့ရတာပဲ ဖြစ်ပါတယ်။

အဲဒီလို အခြေခံကောင်းတွေ မျိုးစေ့ချပေးခဲ့တဲ့ ရေနံချောင်းအမျိုးသားကျောင်းကြီးရဲ့ သမိုင်းကြောင်းတွေ ကလည်း အထင်ကရ ရှိနေခဲ့ပါတယ်။

ရေနံချောင်းအမျိုးသားကျောင်း သမိုင်းအစ

၁၉၂၀ ပြည့်နှစ်မှာ ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ပြီးနောက် အဲဒီသပိတ်ကို အကြောင်းပြုပြီး အမျိုးသားကျောင်းတွေ ပေါ်လာခဲ့တယ်။ အင်္ဂလိပ်အစိုးရ ဖွင့်လှစ်တဲ့ကျောင်းတွေကို မတက်ကြဖို့ မိမိတို့ ကိုယ်ပိုင်အမျိုးသားကျောင်းကို ထူထောင်ကြမယ်ဆိုတဲ့ လှုံ့ဆော်မှုတွေနဲ့ အမျိုးသားအထက်တန်းကျောင်းကို ဦးအရိယဝံသကျောင်းမှာ စတင်ခဲ့ပါတယ်။ အဲဒီကနေ အခြားသော မြို့နယ်ဒေသတွေအနှံ့ ကျောင်းပေါင်း ၉၃ ကျောင်း ပေါ်လာခဲ့ပါတယ်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ မြို့မအမျိုးသား ကျောင်းဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသား ကျောင်း ဖြစ်ခဲ့ပါတယ်။

ရေနံချောင်းအမျိုးသားကျောင်းကိုတော့ ၁၉၂၁ ခုနှစ် မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ ‘ကရက်ဒေါက်စီမံကိန်း’ကို ကန့်ကွက်တဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ပေါ်လာတဲ့အခါ ရန်ကုန်တက္ကသိုလ်ရောက် ရေနံချောင်းသား ကျောင်းသား တွေ အိမ်ပြန်လာကြရတယ်။ အများစုက (ဖေ၊ ပု၊ ရှိန်)အဖွဲ့မှ ဦးထွန်းရှိန်ရဲ့ တပည့်တွေဖြစ်ကြတယ်။ ရေနံ ချောင်းမှာ မူလကရှိနှင့်ပြီးဖြစ်တဲ့ ‘ ရေနံဝန်’ ဦးစီးတဲ့ ဘုရင်အက်ဒွပ် အထိမ်းအမှတ် (King Edwards) အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်းက ကျောင်းသားတွေကို သပိတ်မှောက်ကြဖို့ စည်းရုံးလှုံ့ဆော် ခဲ့ကြတယ်။ စည်းရုံးရေးအောင်မြင်ပြီး သပိတ်မှောက်ကြ တဲ့အခါ ‘ကျောက်စာရုံ သာသနာ့ဗိမာန်တော်ကြီးထဲမှာ’ သပိတ်စခန်းဖွင့်ခဲ့ကြတယ်။ အဲဒီ အင်္ဂလိပ်-မြန်မာကျောင်း နဲ့အပြိုင် အမျိုးသားအထက်တန်းကျောင်း ပေါ်ပေါက်ရေး အတွက် ကြိုးစားခဲ့ကြတယ်။

(ဆက်လက်ဖော်ပြပါမည်)