ခေမင်္ဂဘုရား

Listing Description

ခေမင်္ဂဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးကားလမ်းအနီး၊ အိမ်ရာကျောင်းငါးမျက်နှာဘုရား၏ တောင်ဘက်တွင် တည်ရှိပါသည်။ ခေမင်္ဂဘုရားမှာ အရှေ့ဘက်မျက်နှာလှည့် နှစ်ထပ်ဂူဘုရားကြီးဖြစ်ပြီး နားတောင်းများမင်းကြီး၏သားတော် ကင်္ကသူမင်းသားနှင့်ဇနီးတို့ ကိုးကွယ်ခဲ့သော မြတ်ကြီးခေမင်္ဂမထေရ်ကြီးကို အစွဲပြုခေါ်ဝေါ်ခဲ့သည်ဟု ဆိုပါသည်။ ခေမင်္ဂဘုရားအနီး စေတီပုထိုးငယ်များ အစုလိုက်တည်ရှိနေလေရာ ခေမင်္ဂဘုရားစုဟူ၍ပင် ခေါ်ဝေါ်ကြပါသည်။ ခေမင်္ဂဘုရားစုတွင် ဘုရားအမှတ်(၁၈၄၃)၊ (၁၈၄၄)၊ (၁၈၄၅)၊ (၁၈၄၆)နှင့် (၁၈၄၇) တို့၌ နံရံပန်းချီ လက်ရာကောင်းများကို တွေ့နိုင်ပါသည်။ ထိုဘုရားငယ် ငါးဆူအနက် သုံးဆူမှာ ၁၈၉၉ ခုနှစ်က ဂျာမန်လူမျိုး (Dr Th.H.Thomann) ထော်မန်းနှင့်အဖွဲ့၏ နံရံပန်းချီများ လှီးဖြတ်ယူငင်ခြင်းကို ခံခဲ့ရပါသည်။ ထို့ပြင် ထော်မန်းရေးထိုးခဲ့သော လက်မှတ်ကိုလည်း မြင်တွေ့နိုင်ပါသည်။ ခေမင်္ဂနှစ်ထပ်ဂူဘုရားကြီးသည် အင်္ဂတေ ပန်းတော့လက်ရာများ၊ နံရံဆေးရေးပန်းချီများ ကျန်ရှိနေသေးပြီး ဗိသုကာလက်ရာ အချိုးအစားကျနကာ ပြေပြစ်လှပတင့်တယ်မှုရှိသောကြောင့် ကမ္ဘာလှည့်ခရီးသည်များ မပြတ်လာရောက်လေ့လာကြပါသည်။