ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်း

Listing Description

ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသည် ကမ်းနားလမ်းနှင့် စဉ့်အိုးတန်းလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး အကြီးဆုံးနှင့် သက်တမ်းအကြာဆုံး တရုတ်ရိုးရာ ဘုရားကျောင်းဖြစ်ကာ မားကျူ (天上聖母)မယ်တော်မြတ်ကြီးကို ရည်ညွှန်းသည်။ ၁၈၆၁ ခုနှစ်တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့် စဉ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမျိုးစုတို့၏ ဘုရားကျောင်း ချင့်ဖူကုန်း(慶福宮)ကိုစတင်တည်ထားခဲ့ပါသည်။ ထိုစဉ်က တရုတ်လူမျိုး ဖုကျန့်မျိုးနွယ်စုများသည် ပင်လယ်ရေကြောင်းနှင့် ပတ်သက်သောစီးပွားရေး အလုပ်အကိုင်များအား မြန်မာပြည်တွင် စတင်အခြေချ လုပ်ကိုင်ကြခြင်းကြောင့် မားကျူ (天上聖母)မယ်တော်မြတ်ကြီးအား တိုင်တည်ပြီး ယခုစဉ့်အိုးတန်းကမ်းနား အရှေ့တည့်တည့်တွင် ၁၈၆၁ ခုနှစ်မှ စတင်ကာ သစ်များဖြင့် ကျောင်းဆောက်လုပ်ပြီး ၁၈၆၃ ခုနှစ်တွင် ကျောင်းတော်ကြီး ပြီးစီးအောင်မြင်ကာ တရုတ်ပြည်မှ ပင့်ဆောင်လာသော မားကျူမယ်တော်ရုပ်ပွားတော်ကြီးအား ကျောင်းတော်တွင် စတင်ကိုးကွယ်ပူဇော်ခဲ့ပါသည်။ ထိုမှတဖန် ၁၉၀၃ ခုနှစ် သို့ရောက်သောအခါ အများကောင်းမှု ပေါင်းစုအားဖြင့် ယိုယွင်းဟောင်းနွမ်းနေသော သစ်သားကျောင်းတော်အစား အုတ်ချပ်ရေ ၁၅၃၀၀၀ ကျော်ဖြင့် အုတ်ကျောင်းတော်ကြီးအား ပြန်လည်ကာ ဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။ ထိုကျောင်းတော်သစ်ကြီးဆောက်လုပ်ပြီးနောက် တရုတ်ပြည်မှ ကွမ်ရင်မယ်တော်(觀音佛祖)အား ပင့်ဆောင်လာကာ ကျောင်းတော်၏ အလယ်ဗဟိုတွင် မားကျူမယ်တော်နှင့်အတူ ကိန်းဝပ်ပူဇော်ခံခဲ့ပါသည်။ ထို့နောက်ကွမ်ရင်မယ်တော်နှင့်အတူ တရုတ်ပြည်မှ ပင့်ဆောင်တော်မူလာသော ကွမ်တေ့ရာ(協天大帝)。ပိုးစင်းတိုင်တေ(保生大帝)ရုပ်ပွားတော်များအား ကျောင်းတော်၏ ဘယ်ညာနှစ်ဖက်တွင် ကျောင်းဆောင်တောင်များဖြင့် ကိုးကွယ်ပူဇော်ခဲ့ကြပါသည်။ ယခုခိန်ဟုတ်ဘုရားကျောင်းတော်ပုံစံအတိုင်း စင်ကာပူနိုင်ငံတွင်လည်း ၁၈၄၀ ခုနှစ်က (天福宫) ထင်ဟုတ်မားကျူမယ်တော်၏ ကျောင်းတော်အဖြစ် တည်ထားခဲ့ပြီး စင်္ကာပူနိုင်ငံတွင်လည်း ရှေးအကျဆုံးသော ကျောင်းတော်အဖြစ် ယခုထက်တိုင် သွားရောက်ဖူးမြော်နိုင်ပါသည်။ ယခုအခါ ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသည် ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ထားပါသည်။

Credit to 仰光觀音堂