နောင်ယားဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်းပေါ်ရှိ ပွန်ချောင်းတံတားဖွင့်လှစ်

Listing Description

ဆိုက်ခေါင် အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် လင်းခေးခရိုင်နယ်စပ် ကျွန်းတောင်-ကျောက်တစ်လုံးကြီး-နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်းပေါ်၌ တည်ဆောက်ခဲ့ သည့် တံတားအမှတ်(၉/၄၅) ပွန်ချောင်းတံတား ဖွင့်ပွဲကို အောက်တိုဘာ ၉ ရက်က ကျင်းပသည်။

တံတားဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုဖွင့်လှစ်သည့် ပွန်ချောင်း တံတားသစ်ကြီးသည် ရှမ်းပြည်နယ်အတွက် အလွန် အရေးပါသော တံတားဖြစ်ကြောင်း၊ တောင်ကြီးခရိုင် နှင့် လင်းခေးခရိုင်နယ်စပ်တွင်ရှိပြီး ပြည်ထောင်စု လမ်းမကြီးဖြစ်သည့် တောင်ငူ-လိပ်သို-ယာဒို-လွိုင် ကော်-ဟိုပုံးလမ်း(NH21)နှင့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း(NH23)တို့ကို ကွန်ရက်ဆက်ပေး သည့် လမ်းပေါ်မှ သဘာဝအတားအဆီးကြီးဖြစ်သည့် ပွန်ချောင်းကို ဖြတ်ကျော်တည်ဆောက်ထားခြင်းဖြစ် ကြောင်း၊ တံတားသစ်ကြီး၏ ခံနိုင်ဝန်မှာ ယာဉ် တစ်စီးချင်း ခွင့်ပြုတန်ချိန် ၆၀ ဖြစ်၍ ကုန်စည် စီးဆင်းမှုတွင် ပိုမို လွယ်ကူလျင်မြန်လာတော့မည်ဖြစ်ကြောင်း ပြောကြားသည်။

လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရ ဇော်က လမ်းတံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားရာတွင် ပွန်ချောင်းတံတားသည် စုစုပေါင်း ပေ ၁၉၀ ရှည်ပြီး အကျယ် ပေ ၃၀ ရှိကာ သံမဏိသံပေါင်ရက်မ၊ သံကူ ကွန်ကရစ်ကြမ်းခင်း အမျိုးအစားဖြစ်ကြောင်း၊ စီမံကိန်းတန်ဖိုး ကျပ် ၉၇၄ ဒသမ ၅ သန်းကို ပြည်နယ်ရန်ပုံငွေမှ ကျခံ၍ တံတား အထူးအဖွဲ့(၁၂)မှ တာဝန်ယူတည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နှင့် လင်းခေးခရိုင်တို့ကို ဆက်သွယ်ထား သည့်လမ်းပေါ်၌ တည်ရှိ၍ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း ဆက်သွယ်ရေးကို အဆင့်မြှင့်တင် ပေးလိုက်ခြင်းလည်းဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် တံတားသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်း မောင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဆီဆိုင်မြို့နယ်နှင့် မောက်မယ် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

မောင်မောင်သန်း(တောင်ကြီး)