စိုင်းထီးဆိုင် (၁၉၅၀ - ၂၀၀၈)

Listing Description

စိုင်းထီးဆိုင်ကို အဖဦးနန္ဒာ၊ အမိ နန်းအိန်တို့မှ ၁၉၅၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ မြန်မာသက္ကရာဇ် (၁၃၁၂) ခုနှစ်၊ တော်သလင်းလဆန်း (၁၂) ရက်၊ စနေနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့တွင် ဖွားမြင်ခဲ့သည်။ မောင်နှမသားချင်းငါးဦးအနက် စိုင်းထီးဆိုင်မှာ သားအကြီးဆုံးဖြစ်ပြီး ညီမ နန်းဝင်းထိန်၊ နန်းမြင့်အုန်း၊ နန်းသိန်းထွေး (ခ) ယိင်းနှင့် ညီစိုင်းအောင်ထီးခမ်းတို့ ဖြစ်သည်။ စိုင်းထီးဆိုင် မွေးစက ပြာနှမ်းနှမ်း မည်းတူးတူးလေးဖြစ်၍ နာမည်ကို အိုက်တူးဟု အလွယ်တကူ မှည့်ခေါ်ခဲ့ကြပြီး လသား အရွယ် အမည်မှည့်ချိန်တွင် စိုင်းတင်ဦး ဟုမှည့်ခဲ့ကြသည်။ ကိုရင်ကြီး ဝတ်ချိန်တွင် ရှင်ဓမ္မရက ဘွဲ့အမည်ဖြင့် သင်္ကန်းစည်းခဲ့သည်။

အသက် ၅ နှစ်ကျော်အရွယ်၌ လင်ခေးရှိ အလယ်တန်းကျောင်းတွင် တက်သော်လည်း စာသင်နှစ်မပြီးခင် အချိန်တွင် လင်းခေးကျောင်းမှထွက်ပြီး လွယ်လင်ရှိ Sacred Heart Convent High School တွင် ကျောင်းအိပ်ကျောင်းစား သွားနေရသည်။ စိုင်းတင်ဦး အမည်မှသည် ရစ်ချတ်နန္ဒာဟု ခေါ်တွင်ခဲ့သည်။ စတုတ္ထတန်းအောင်မြင်ပြီး ပဉ္စမတန်းကို တောင်ကြီး Christian High School တွင် တက်ရောက်သင်ကြားခဲ့သည်။

ကျောင်းများ ပြည်သူပိုင်သိမ်းသည့်အခါ ရစ်ချတ် နန္ဒဆိုသည့် အမည်ကို ပြောင်းရန် စိတ်ကူးရလာသည်။ တောင်ကြီးမြို့တွင် နေထိုင်သော ရှမ်းစာဆိုတော်တစ်ဦးဖြစ်သည့် ဦးခွန်မဟာသည် နက္ခတ္တဗေဒ၊ မဟာဘုတ်နှင့် ဗေဒင်ကိန်းခန်း တတ်ကျွမ်းသူဖြစ်၍ သွားရောက်တွက်ချက်ပြီး အမည်မှည့်ခိုင်းရာမှ “ စိုင်းထီးဆိုင် ” ဖြစ်လာသည်။ ထီးဆိုသည်မှာ ထိပ်ဖျား၊ ဆိုင်ကစိန်ဖြစ်၍ ထိပ်ဖျားက စိန်ကျောက်မျက်ဟု အဓိပ္ပာယ်ရသည်။

ဆယ်တန်း အောင်သောအခါ စိတ်ပညာမေဂျာဖြင့် မန္တလေးတက္ကသိုလ်သို့ တက်ခွင့်ရခဲ့သည်။

ထို့နောက် စိုင်းခမ်းလိတ်နှင့် တွေ့ဖြစ်ပြီး စိုင်းခမ်းလိတ်သည် စိုင်းထီးဆိုင်ကို သီချင်းဝါသနာပါသောကြောင့်သာမက ညီဖြစ်သူစိုင်းခမ်းသီ၏ သူငယ်ချင်းအဖြစ်လည်း သံယောဇဉ်ရှိသူဖြစ်သည်။ မန္တလေး ရောက်သောအခါ ဂီတမိတ်ဆွေများ တိုးပွားလာခဲ့ရာ တေးရေးဆရာကိုနေဝင်း အပါအဝင်ဖြစ်သည်။

၁၉၇၃ ခုနှစ်ခန့်တွင် စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်နှင့် စောသိမ်းဝင်းတို့ ပါဝင်သော The Outsiders တီးဝိုင်းဖွဲ့ခဲ့သည်။ မန္တလေးတက္ကသိုလ်နယ်မြေတွင် The Outsiders အဖွဲ့၏သီဆိုတီးခတ်မှုများ လူသိများလာခဲ့သည်။ ထို့နောက် ရန်ကုန်ရုပ်ရှင်ခြံတွင် ဒုတိယခွေကို သွင်းဖြစ်ခဲ့သည်။ “နွေရာသီ”၊ “ချစ်တာတစ်ခုတည်းသိတယ်”၊ “စိုင်းပြန်ရဦးမယ်”၊ “ရွှေဟင်္သာနားခိုက်” ပါဝင်သောသီချင်း (၁၀) ပုဒ်ဖြစ်သည်။

ထို့နောက် တတိယခွေကို “ပန်းသာရုပ်ရှင်ခြံ” တွင် သွင်းဖြစ်ပြီး စီးရီးခေါင်းစဉ်မှာ “မန္တလေးရောက်ရှမ်းတစ်ယောက်” ဖြစ်သည်။

နောက်ဆက်၍ “ခြင်္သေ့လည်ပြန် (သို့) ပြန်ညှိရမယ့်ကာရန်”၊ “စိတ္တဇအလွမ်း”၊ “ပျံသာပျံပါရွှေဟင်္သာ” ( ကျေနပ်ပါတော့ )၊ “ အိပ်စက်အနားယူပြီ” စသည့် စီးရီးများ စီကာစဉ်ကာ ထွက်လာသည်။

သူ၏ ဂီတခရီးတစ်လျောက်လုံးတွင် ရှမ်းဘာသာဖြင့် သီဆိုသော သီချင်းအယ်ဘမ် ၃ ခွေ မှ ၄ ခွေနှင့် ဗမာဘာသာဖြင့်သီဆိုသော သီချင်းခွေ ၃၀မှ ၄၀ အထိ ထွက်ရှိခဲ့သည်။

စိုင်းထီးဆိုင်သည် မကျန်းမမာဖြစ်လာရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့်အူလမ်းကြောင်းဌာနတွင် တက်ရောက်ကုသခဲ့ရာမှ (၁၀၊၃၊၂၀၀၈) ရက်နေ့ နံနက် (၅:၄၅)နာရီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်သန်းစိုး၊ သားစိုင်းခိုင်ခမ်း၊ သမီးနန်းစံဟွမ်နှင့် နန်းယုခေါင်တို့ ကျန်ရစ်ခဲ့သည်။