နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်း

Listing Description

နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်းကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အဆုံး၊ ပင်လည်ဘူးမြို့နယ်နှင့် ထိစပ်နေသည့် အောင်းပင်ကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်အကွာ ဝိန်ဘာတောင်တွင်တည်ရှိသည်။ ပါးစပ်ရာဇဝင်များအဆိုအရ အိမ်ခြေပေါင်းတစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင် အခြေချနေထိုင်ခဲ့ပြီး တိမ်မြုပ်ပျောက်ကွယ်နေသည့် မြို့ကြီးဟု ဆိုကြပါသည်။ ကျောက်ဆောင် ကျောက်တံတိုင်းကြီးများနှင့် တစ်မိုင်ပတ်လည်ခန့် ကာရံထားပြီး မြို့ဝင်ပေါက် လေးခုရှိသည်။ ထို့အပြင် ထူးခြားသည့် ကျောက်စေတီ၊ ကျောက်မဏ္ဍပ်၊ ယမ်းထောင်းသော ကျောက်ဆုံ၊ ကျောက်ကျည်ပွေ့၊ ကျောက်အမြောက်၊ နတ်ရေကန်၊ ဥစ္စာတိုက်၊ ကျောက်လှေ၊ ကျောက်ထိုင်ခုံ၊ စူဠာမုနိစေတီတော်၊ ကျောက်ဘီလူး၊ ကျောက်ဟင်္သာ၊ ကျောက်နံရံကြီးများ၊ နတ်ခြေရာများ၊ ကျောက်မျှော်စင် စသည့်နေရာများကို လေ့လာနိုင်မည်ဖြစ်သည်။ ကျောက်မျှော်စင်မှ ပင်လည်ဘူးနယ်ကွင်း၊ မိုင်းသုံကွင်း၊ ဂျိုးတောင်ကွင်း၊ အောင်းပင်အုပ်စုကွင်းတို့၏ သဘာဝ တောတောင်ရှုခင်းများကိုလည်း ကြည့်ရှုခံစားနိုင်ပါသည်။ အဆိုပါ နတ်မြို့(ခေါ်)ကျောက်မြို့ဟောင်းသို့ ရပ်ဝေးရပ်နီးမှ ခရီးသွားလေ့လာကြမည်ဆိုလျှင် ဝန်းသို-ကျောက်မြောင်း- ကွန်းပေါင်း- လက်ပံကျင်း- အောင်းပင်ရွာထိ ၁၂မိုင်ခန့် ကား/ဆိုင်ကယ်များဖြင့်လည်းကောင်း၊ အောင်းပင်ရွာမှ ကျောက်မြို့ဟောင်းထိ သုံးမိုင်ခန့် ခြေလျင်ဖြင့်လည်းကောင်း ဆိုင်ကယ်ဖြင့်လည်းကောင်း သွားရောက်လေ့လာနိုင်ကြောင်း သိရပါသည်။